အင်ဒိုရှိ ဆမရူမီးတောင်ပေါက်ကွဲပြီးနောက် မီးတောင်သတိပေးချက်အားအမြင့်ဆုံးအထိတိုးမြှင့်

0
134

ဂျကာတာ၊ဒီဇင်ဘာ ၄

အင်ဒိုနီးရှားအာဏာပိုင်များက ဆမရူမီးတောင်ပေါက်ကွဲပြီးနောက် လေထုထဲတွင် ပြာမှုန့်ပါဝင်မှုများပြားလာသဖြင့် မီးတောင်သတိပေးချက်ကို အမြင့်ဆုံးသို့တိုးမြှင့်လိုက်ကြောင်း နိုင်ငံ၏မီးတောင်ဗေဒအေဂျင်စီကပြောကြားခဲ့သည်။

ကလေးငယ်များ၊သက်ကြီးရွယ်အိုများအပါအဝင် မီးတောင်တည်ရှိရာ အရှေ့ဂျာဗားဒေသရှိ ဒေသခံများအား ဘေးလွတ်ရာသို့ရွှေ့ပြောင်းခြင်းလုပ်ငန်းများလည်း စတင်နေပြီဖြစ်ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။

အင်ဒိုနီးရှားမီးတောင်ဗေဒနှင့်ဘူမိဗေဒဆိုင်ရာအန္တရာယ်လျော့ပါးရေးဗဟိုဌာန PVMBG သည် မီးတောင်လှုပ်ရှားမှုအဆင့်အား နံပါတ် ၃ မှ နံပါတ် ၄ သို့မြှင့်တင်ခဲ့ကြောင်းပြောကြားခဲ့သည်။

ထိုသို့တိုးမြှင့်ထားသည့်သတိပေးချက်နှင့်အတူ အာဏာပိုင်များသည် ဆမရူမီးတောင်ပေါက်ကွဲသည့်ဗဟိုချက်မှ ၈ ကီလိုမီတာ (၅ မိုင်အတွင်း) သို့ဝင်ရောက်ခြင်း၊သွားလာခြင်းမျိုးမလုပ်ရန်လည်းတားမြစ်ထားသည်။

“ဒီမနက်ကတည်းက ဒီဧရိယာတစ်ဝိုက်ကလမ်းတွေကို ပိတ်ထားပါတယ်၊အခုလောလောဆယ်တော့ ပြာတွေဖုံးနေတာကြောင့် မီးတောင်အခြေအနေဘယ်လိုရှိတယ်ဆိုတာမမြင်ရတော့ပါဘူး” ဟု ဒေသခံစေတနာ့ဝန်ထမ်း Bayu Deny Alfianto က ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မီးတောင် ၁၄၂ လုံးရှိပြီး ၁၀ ကီလိုမီတာ (၆ မိုင်) အတွင်း လူဦးရေ ၈ ဒသမ ၆ သန်းပမာဏဖြင့် မီးတောင်များနှင့်နီးကပ်စွာနေထိုင်ရသည့် ကမ္ဘာပေါ်ရှိလူဦးရေအများဆုံးနိုင်ငံတစ်ခုလည်းဖြစ်သည်။

Source : Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here