နှစ်ကုန်ခရီးသွားလာမှုများကြောင့် ကိုဗစ်ကူးစက်မှုများထပ်မံဖြစ်ပေါ်နိုင်ဟု စင်္ကာပူကျန်းမာရေးဝန်ကြီးဆို

0
233

စင်္ကာပူ၊ဒီဇင်ဘာ ၄

ယခုနှစ်ကုန်တွင်ပြုလုပ်မည့် ပွဲတော်များနှင့် ခရီးသွားလာမှုများကြောင့် ကိုဗစ်ကူးစက်မှုများမြင့်တက်လာနိုင်ကာ ကိုဗစ်လှိုင်းအသစ်ထပ်မံဖြစ်ပေါ်လာနိုင်ကြောင်း စင်္ကာပူကျန်းမာရေးဝန်ကြီး မစ္စတာ အွန်ရီကွန်ကပြောကြားခဲ့သည်။

“ခရစ္စမတ်လာမယ်၊နှစ်ကူးပျော်ပွဲရွှင်ပွဲတွေလာမယ်၊ဒါကြောင့်ကူးစက်မှုအသစ် လှိုင်းအသစ်တွေဖြစ်လာနိုင်ပေမဲ့ စင်္ကာပူမှာအထူးဆန်းမဟုတ်တော့ပါဘူး” ဟုလည်း၎င်းကဆိုခဲ့သည်။

၂၀၂၂ ခုနှစ်အတွင်း စင်္ကာပူ၌ကိုဗစ်လှိုင်းသုံးခုဖြင့် ကြုံတွေ့ခဲ့ရသဖြင့် ယခုတစ်ခေါက်ကူးစက်မှုမှဖြစ်ပေါ်လာမည့် လှိုင်းသည်စင်္ကာပူအတွက် မတွေ့ကြုံဖူးသည့်အရာမဟုတ်တော့ကြောင်းကိုလည်း ၎င်းကပြောကြားခဲ့သည်။

ယခုကိစ္စနှင့်စပ်လျဉ်း၍ အာဏာပိုင်များကလည်း ပြည်တွင်းပြည်ပ ဝင်ရောက်ထွက်ခွာမှုများအား စောင့်ကြည့်ထိန်းချုပ်လျက်ရှိသည်ဟု သိရှိရသည်။

သို့သော် တရုတ်နိုင်ငံ၏ကိုဗစ်အခြေအနေနှင့် အာရှတွင်ဆောင်းရာသီဖြစ်သဖြင့် ယခင်ကြုံဖူးသည့်မျိုးကွဲမျိုးမဟုတ်ပဲ မျိုးကွဲအသစ်တစ်မျိုးဖြစ်ပေါ်လာမည်ကိုသတိထားရမည်ဟုဆိုသည်။

ပြီးခဲ့သည့် ၂၈ ရက်အတွင်း စင်္ကာပူ၌ ကိုဗစ်ကူးစက်မှုပေါင်း ၄၄,၅၇၁ ခုဖြစ်ပွားခဲ့ပြီး ၎င်းတို့အနက် ၉၉ ဒသမ ၇ ရာခိုင်နှုန်းသည် ရောဂါလက္ခဏာမပြသူများနှင့်လက္ခဏာအပျော့စားပြသသူများသာဖြစ်သည်ဟုဆိုသည်။

၀ ဒသမ ၃ ရာခိုင်နှုန်းသာလျှင် အောက်ဆီဂျင်ပေးရသည့်လူနာများဖြစ်ကာ ၀ ဒသမ ၀၄ ရာခိုင်နှုန်းသောလူနာများသည် အထူးကြပ်မတ်ကုသဆောင် (ICU) တွင် ကုသခဲ့ရသည်ဟုလည်းသိရှိရသည်။

Source : စီအင်န်အေ/အယ်လ်ကေ(အာဂျေ)


LEAVE A REPLY

Please enter your comment!
Please enter your name here