တိုင်းမ်မဂ္ဂဇင်းက ဇလန်းစကီးအား ၂၀၂၂ ခုနှစ်၏ သြဇာလွှမ်းမိုးမှု အကြီးမားဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်

0
137

တိုင်းမ်မဂ္ဂဇင်းသည် ယူကရိန်းသမ္မတ ဇလန်းစကီးအား ၂၀၂၀ ခုနှစ်၏သြဇာ လွှမ်းမိုးမှု အကြီးမားဆုံး ပုဂ္ဂိုလ်အဖြစ် ဒီဇင်ဘာလ ၈ ရက် ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့သည်။

ဇလန်းစကီးသည် ယူကရိန်းပြည်သူများအား စိတ်ဓာတ်တက်ကြွစေကာ ရုရှား၏ ထိုးစစ်ဆင်မှုများကို ဇွဲမလျှော့ဘဲ တွန်းလှန်ရဲသည့် သတ္တိကြောင့် ကမ္ဘာလုံးဆိုင်ရာ ချီးကျူး ဂုဏ်ပြုဆုများ ဆွတ်ခူးနိုင်ခဲ့ကြောင်း တိုင်းမ်မဂ္ဂဇင်းက ရေးသားထားသည်။

ရုရှား-ယူကရိန်း အရေးအခင်း စတင်ချိန်မှစ၍ ရုရှား၏ ဗုံးမိုးရွာသွန်းမှုများကြား မြို့တော် ကိယက်ဗ်မှ ထွက်ခွာရန် ငြင်းဆိုခဲ့သည့် လူရွှင်တော်ဟောင်း ဇလန်းစကီးသည် သူ၏ တစ်နိုင်ငံတည်းသား ညီအစ်ကို မောင်နှမများကို မြို့တော်မှ ရုပ်သံ ထုတ်လွှင့်ကာ လှုံဆော်စည်းရုံးခဲ့ပြီး စစ်ဘေးသင့်နေသော နိုင်ငံအနှံ့ ခရီးထွက် အားပေးမှုများ ပြုလုပ်ခဲ့သောကြောင့် တိုင်းမ် မဂ္ဂဇင်းကပေးသော တစ်နှစ်တာ သြဇာလွှမ်းမိုးမှု အကြီးမားဆုံးဆု ကိုရရှိခဲ့သည်။

“ဇလန်းစကီးရဲ့ စစ်ပွဲအတွင်း ခေါင်းဆောင်တစ်ယောက်အနေနဲ့ အောင်မြင်မှုဟာ ရဲစွမ်းသတ္တိဆိုတာ ကူးစက်တတ်တယ်ဆိုတဲ့ အချက်အပေါ် မူတည်နေပါတယ်၊ လူတိုင်းက သမ္မတဟာ သူတို့နဲ့အတူ ရှိနေမယ်ဆို သိနေတဲ့အတွက်ကြောင့် အရေးအခင်း စတင်ပြီး ပထမရက်တွေမှာပဲ ဒီရဲစွမ်းသတ္တိ စိတ်ဓာတ်ဟာ ယူကရိန်း ခေါင်းဆောင်တွေကတစ်ဆင့် ပြည်သူတွေဆီ ပျံ့နှံ့သွားပါတယ်” ဟူ၍ တိုင်းမ်က ဇလန်းစကီးကို အသိအမှတ်ပြုကြောင်း ရေးသားထားသည်။

အဆိုပါဆုအား ၂၀၂၁ ခုနှစ်က ရရှိခဲ့သူမှာ တက်စလာပိုင်ရှင် အီလွန်မတ်စ်ဖြစ်သည်။ တိုင်းမ်သည် ထိုသို့ ဆုပေးသည့် ဓလေ့အား ၁၉၂၇ ခုနှစ်ကတည်းက စတင်ခဲ့ခြင်း ဖြစ်သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here