နျူကလီးယား တင်းမာမှုများ မြင့်တက်လာသော်လည်း မော်စကိုဘက်က အရင်ဆုံးသုံးမှာ မဟုတ်ဘူးဟု ပူတင်ပြော

0
200

မော်စကို၊ ဒီဇင်ဘာ ၈

ရုရှားသမ္မတ ပူတင်က နျူကလီးယားဆိုင်ရာ တင်းမာမှုများ မြင့်တက်လာသော်လည်း ယူကရိန်း အရေးအခင်းအတွင်း မော်စကိုဘက်က ပထမဆုံး စတင်အသုံးပြုလိမ့်မည် မဟုတ်ကြောင်း ဒီဇင်ဘာလ ၇ ရက် ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။

ရုရှားတပ်ဖွဲ့များသည် အရေးအခင်း စတင်သည့် ဖေဖော်ဝါရီလမှ စတင်၍ ၎င်းတို့ သတ်မှတ်ထားသည့် အဓိကကျသော ယူကရိန်းနယ်မြေ အများစုကို သိမ်းပိုက်နိုင်ခဲ့ခြင်း မရှိပေ။ 

ထို့ကြောင့် နိုင်ငံတကာက ရုရှားသည် ထိုကဲ့သို့သော အခြေအနေမှ လွတ်မြောက်ရန်အတွက် နျူလက်နက်များ အားအသုံးပြုလာမည်ကို စိုးရိမ်လာကြသည်။

“နျူလက်နက် အသုံးပြုရတဲ့အထိ ငါတို့ မရူးမိုက်သေးပါဘူး၊ နျူလက်နက်သုံးရင် ဘယ်လို ဆိုးကျိုးတွေ ရှိလာမယ်ဆိုတာ သိထားပါတယ်” ဟု ပူတင်က သူ၏ လူ့အခွင့်ရေးကောင်စီ အစည်းအဝေးတွင် ဗုဒ္ဓဟူးနေ့က ပြောခဲ့သည်။

ရုရှားသည် ရန်သူ၏ တိုက်ခိုက်မှုကို တုံ့ပြန်ရန်အတွက်သာ နျူလက်နက်များကို အသုံးပြုမည်ဖြစ်ကြောင်း ပူတင်က ထပ်သွင်း ပြောကြားခဲ့သည်။

“ငါတို့ကို နျူလက်နက်နဲ့ တိုက်ခိုက်ရင် ငါတို့လည်း နျူနဲ့ ပြန်တိုက်မှာပါ၊ ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ် နျူလက်နက်ကို ကျွန်တော်တို့ဘက်က စပြီး အသုံးပြုမှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ တိုက်ခိုက်ခံရရင်တော့ သုံးဖို့ကို တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး” ဟု ပူတင်က ဆိုသည်။

ပူတင်၏ ပြောဆိုချက်နှင့် ပတ်သက်၍ အမေရိကန်နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ နက်ဒ် ပရိုက်စ်က နျူလက်နက်နှင့် ပတ်သက်ပြီး ပေါ့ပေါ့တန်တန် ပြောဆိုတာမျိုးက လုံးဝတာဝန်မဲ့ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

Sourc:CNA


LEAVE A REPLY

Please enter your comment!
Please enter your name here