အဆိုတော်စလင်းဒီယွန်က ၎င်း၌ရှားပါးအာရုံကြောရောဂါဖြစ်နေသည်ဟုဆို၊ရှိုးများရွှေ့ဆိုင်း

0
190

ကနေဒါအဆိုတော်စလင်းဒီယွန်သည် ကြွက်သားများတင်းမာသွားစေသည့် ရှားရှားပါးပါးအာရုံကြောရောဂါတစ်မျိုးဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ဥရောပရှိုးအချို့ကိုလည်းရွှေ့ဆိုင်းလိုက်ရကြောင်းပြောကြားခဲ့သည်။

အသက် ၅၄ နှစ်အရွယ်ရှိပြီဖြစ်သော၎င်းသည် ဒီဇင်ဘာလ (၈) ရက်နေ့တွင် ရောဂါအကြောင်း ထုတ်ဖော်ပြောကြားကာ ဥရောပခရီးစဉ်ကိုလည်း ၂၀၂၃ မှ ၂၀၂၄ အထိရွှေ့ဆိုင်းလိုက်ကြောင်းရှင်းပြခဲ့သည်။

Stiff–Person Syndrome သည် အသံ၊အထိအတွေ့နှင့်စိတ်ခံစားမှုဆိုင်ရာတုန့်ပြန်မှုများကိုတိုးစေကာ ကြွက်သားများကိုတောင့်တင်းစေသည့်ရောဂါတစ်မျိုးဖြစ်သည်။

“အခုရောဂါကရှားပါးရောဂါတစ်မျိုးဖြစ်ပြီး ကံမကောင်းစွာနဲ့ပဲ ဒီကြွက်သားတွေကကျွန်မရဲ့နေ့စဉ်ဘဝတစ်ခုလုံးကိုသက်ရောက်မှုရှိနေတာပါပဲ၊လမ်းလျှောက်ရခက်ခဲတာမျိုး သီချင်းဆိုတဲ့အခါအသံကြိုးတွေကိုသုံးလို့မရတာမျိုးတွေဖြစ်တတ်ပါတယ်” ဟုသူကပြောကြားခဲ့သည်။

ကမ္ဘာကျော်တိုင်တန်းနစ်ရုပ်ရှင်ဇာတ်ဝင်တေး “My Heart Will Go On” သီချင်းကိုသီဆိုသူ စလင်းဒီယွန်က သူမအနေဖြင့်ပရိသတ်များကိုသတိရသော်လည်း ယခုအချိန်၌သူမအနေဖြင့် ကျန်းမာရေးကိုအဓိကအာရုံစိုက်နေရသည်ဟုပြောကြားခဲ့သည်။

“ကျွန်မရဲ့ခွန်အားနဲ့စွမ်းရည်တွေကိုပြန်တည်ဆောက်နိုင်ဖို့ ဆရာဝန်နဲ့နေ့တိုင်းကြိုးစားလုပ်ဆောင်နေပါတယ်၊ဒါပေမဲ့အရမ်းပင်ပမ်းခက်ခဲတာကိုတော့ဝန်ခံလိုပါတယ်” ဟုလည်းပြောကြားခဲ့သည်။

သူမအနေဖြင့်အားပေးစကားပြောကြားပေးသည် ပရိသတ်များကိုလည်းကျေးဇူးတင်ကြောင်းပြောကြားခဲ့ပြီး အတိုင်းမသိဝမ်းသာမိသည်ဟုလည်းဆိုခဲ့သည်။ “ကျွန်မသိတဲ့တစ်ခုတည်းသောအရာက သီချင်းတွေဆိုဖို့ပါပဲ” ဟုလည်း ဂရမ်မီဆုရှင်ဆလင်းကပြောကြားခဲ့သေးသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here