ဆိုင်ကယ်မောင်းလာသည့် မိသားစုဝင် ၃ ဦးအား ကားဖြင့်တိုက်မိ၍ သေဆုံးသွားခဲ့မှု မြိတ်မြို့တွင်ဖြစ်ပွား

0
333

တနင်္သာရီတိုင်း၊မြိတ်မြို့၊ရွှေဘေးလမ်းမကြီးပေါ်တွင် ဒီဇင်ဘာ ၁၀ ရက်ညပိုင်းက မိသားစုဝင် ၃ ဦးမောင်းလာသည့်ဆိုင်ကယ်အား ကိုယ်ပိုင်ကားကဝင်တိုက်မိ၍ သေဆုံးသွားခဲ့သည်ဟု ပါရမီနာရေးကူညီမှုအသင်း(မြိတ်)မှ သိရသည်။

ယင်းနေ့ည ၆ နာရီခွဲခန့်က မြိတ်မြို့၊ရွှေဘေးလမ်း မကြီးပေါ်ရှိ ရတနာဂုဏ်ရည်ကျောင်းရှေ့တွင် မိ သားစုဝင် ၃ ဦးမောင်းနှင်စီးနင်းလာသည့် ဆိုင်ကယ်အား မျက်နှာချင်းဆိုင်မှမောင်းနှင်လာသည့် Honda Insight ကိုယ်ပိုင်ကားကအရှိန်မထိန်းနိုင်ဘဲဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကားက ရှေ့မှာရှိနေတဲ့ကားတစ်စီးကိုကျော်တက်တဲ့အချိန် အရှိန်မထိန်းနိုင်ဘဲဝင်တိုက်မိသွားတာလို့သိရတယ် ကားကလည်းလမ်းဘေးထိုးကျသွားတယ်တဲ့ ဖြစ်စဥ်အသေးစိတ်ကိုတော့ ကျွန် တော်တို့လည်းသေချာမသိဘူးပေါ့ ဖြစ်စဥ်ပြီးတော့မှ Dead Body သယ်ဖို့သွားရတာဆိုတော့ ပတ်ဝန်းကျင်ကပြန်ပြောပြတာကိုသိခဲ့ရတာ”ဟု နာရေးကူညီမှုအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်ကြောင့် ဆိုင်ကယ်မောင်းနှင်သူ ဦးစိုးမင်း (၃၇)နှစ်နှင့်စီးနင်းလိုက်ပါလာသူ ဒေါ်အေးငယ် (၃၇)နှစ်တို့မှာ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်း ဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး မောင်စည်းလုံးညီ (၈)နှစ်တွင်လည်း ထိခိုက်ဒဏ်ရာများ(စိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်အား မြိတ်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြပြီး သေဆုံးသူ ၂ ဦး၏ရုပ်အလောင်းများကို ပါရမီနာရေးကူညီမှုအသင်း(မြိတ်)မှ အမှတ် ၅ /၁၀၀ တပ်မတော်ဆေးရုံ(ရင်ခွဲရုံ)သို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“ဆေးရုံကို(စိုးရိမ်ရ)ဒဏ်ရာနဲ့ပို့ပေးခဲ့ရတဲ့ ကလေးက အခင်းဖြစ်တဲ့ည ၁၂ နာရီလောက်မှာပဲ ဆေးကုနေရင်းထပ်ဆုံးသွားတယ်လို့သိရပါတယ် နောက် ပြီး သိရသလောက်ဆိုရင် ဦးစိုးမင်းနဲ့ဒေါ်အေးငယ်တို့က မိသားစုညီညွတ်ရေးအသင်း-မြိတ်ရဲ့အ သင်းဝင်တွေပါ”ဟု နာရေးကူညီမှုအသင်းဝင်တစ်ဦးကပြောသည်။

ထို့ပြင် ဒီဇင်ဘာ ၁၁ ရက်(ယနေ့)၌ အမှတ် ၅/၁၀၀ တပ်မတော်ဆေးရုံ(ရင်ခွဲရုံ)သို့ပို့ဆောင်ထားသည့် ရုပ်အလောင်း ၂ ခုနှင့်မြိတ်မြို့ပြည်သူ့ဆေးရုံတွင်သေဆုံးသွားခဲ့သည့် ကလေးငယ်၏ရုပ်အလောင်းတို့အား တပ်ပြင်ရပ်ရှိ အေးငြိမ်းရာနာရေးကူညီမူအဆောက်အဦးသို့ နာရေးကူညီမှုအသင်းကားများဖြင့် ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ကိုယ်ပိုင်ကားမောင်းသူကိုလည်း တာဝန်ရှိသူများက ယာဥ်အားမဆင်မခြင်မောင်းနှင်ရာမှ လူသေဆုံးမှုများဖြစ်ပွားခဲ့သဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Photo-ပါရမီနာရေးကူညီမှုအသင်း(မြိတ်)


LEAVE A REPLY

Please enter your comment!
Please enter your name here