ဥရောပပါလီမန်၏ ဒုဥက္ကဌ ကိုင်လီအား အကျင့်ပျက်ခြစားမှုဖြင့် ရာထူးမှ ထုတ်ပယ်

0
128

စထရာဘု(ဂ်)၊ ဒီဇင်ဘာ ၁၃

ဥရောပပါလီမန်၏ ဒုဥက္ကဌ ဖြစ်သူ အီဗာကိုင်လီသည် ကာတာထံမှ လာဘ်ငွေများ လက်ခံရယူခဲ့သည်ဟူ၍ စွပ်စွဲခံရပြီးနောက် ဒီဇင်ဘာလ ၁၃ ရက် အင်္ဂါနေ့တွင် ရာထူးမှ ဖယ်ရှားခံလိုက်ရသည်။

ကိုင်လီသည် ဥရောပပါလီမန်ဒုဥက္ကဌ ၁၄ ဦးထဲမှ တစ်ဦးဖြစ်ပြီး ယခုလက်ရှိ ဘရပ်ဆဲလ်အကျဉ်းထောင်တွင် ဘယ်လ်ဂျီယံ ရဲတပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရသည်။

ဘယ်လ်ဂျီယံ အစိုးရရှေ့နေများသည် ကိုင်လီနှင့် အီတလီနိုင်ငံသား သုံးဦးကို ရာဇ၀တ်အဖွဲ့အစည်းတစ်ခုနှင့် ပါဝင်ပတ်သတ်မှု၊ ငွေကြေးခဝါချမှုနှင့် အကျင့်ပျက်ခြစားမှုတို့ဖြင့် စနေ တနင်္ဂနွေ ရုံးပိတ်ရက်က တရားစွဲဆိုခဲ့သည်။

လက်ရှိကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ကာတာသည် ၎င်းနိုင်ငံနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ချရာတွင် အလေးသာစေရန်အတွက် ထိုအရာရှိ လေးဦးအား ငွေသားနှင့် လက်ဆောင်များဖြင့် လာဘ်ထိုးခဲ့သည်ဟူ၍ ယုံကြည်ရကြောင်း စုံစမ်းရေးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ရဲများသည် ပါလီမန်ရုံးများနှင့် နေအိမ် ၁၉ လုံး အပါအဝင် ဘရပ်ဆဲလ်ရှိ အဆောက်အအုံ အများအပြားကို ဝင်ရောက်စီးနင်း စစ်ဆေးခဲ့ရာ ဒေါ်လာ ၁ ဒသမ ၅၈ သန်းခန့်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ကိုင်လီအား ရာထူးမှ ဖယ်ရှားရန်အတွက် ပါလီမန်အဖွဲ့ဝင် ၆၂၅ ဦးအား မဲခွဲဆုံးဖြတ်ခိုင်းခဲ့ရာ ကန့်ကွက်မဲ တစ်မဲနှင့် ကြားနေမဲ နှစ်မဲသာရှိခဲ့သည်ဟု ဥရောပပါလီမန် ဥက္ကဌ ရိုဘက်တာ မက်ဆိုလာ ကဆိုသည်။

ကိုင်လီ၏ ရှေ့နေက သူ၏ အမှုသည်မှာ အပြစ်ကင်းကြောင်းနှင့် ကာတာထံမှ ငွေကြေးလက်ခံရယူတာမျိုး မရှိခဲ့ကြောင်း ပြောထားသည်။

Source: ရိုက်တာစ်


LEAVE A REPLY

Please enter your comment!
Please enter your name here