မန္တလေးတိုင်း၌ ငလျင်လှုပ်ခတ်မှုများဖြစ်ပေါ်နေ ယနေ့တွင်လည်း ၃ ကြိမ်လှုပ်ခတ်သွား

0
252

မန္တလေးတိုင်းတွင် ငလျင်လှုပ်ခတ်မှုများဖြစ်ပေါ်လျက်ရှိပြီး ဒီဇင်ဘာ ၁၆ ရက်(ယနေ့)၌ပင် ၃ ကြိမ်လှုပ်ခတ်သွားခဲ့ပြီး မွန်းလွဲပိုင်းတွင်လှုပ်ခတ်ခဲ့သည့် ငလျင်မှာအင်အားအနည်းငယ်ရှိခဲ့ကြောင်း မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

မိုးဇလ၏ထုတ်ပြန်ချက်အရ ယနေ့နံနက် ၆ နာရီ ၄၅ မိနစ် ၂၁ စက္ကန့်တွင် အင်အား ရစ်(ခ်)တာစကေး ၃ ဒသမ ၆ အဆင့်ရှိငလျင်၊ နေ့လည် ၁ နာရီ ၂၉ မိနစ် ၁၃ စက္ကန့်တွင် အင်အား ရစ်(ခ်)တာစကေး ၃ ဒသမ ၃ အဆင့်ရှိငလျင်နှင့်မွန်းလွဲ ၂ နာရီ ၂၈ မိနစ် ၃၁ စက္ကန့်တွင် အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိငလျင်တို့လှုပ်ခတ်ခဲ့သည်ဟု သိရသည်။

“ဟုတ်တယ်ဗျာ ဒီနေ့ထပ်လှုပ်သွားပြန်ပြီ လဘက်ရည်ဆိုင်ထိုင်နေရင်း လူကလှုပ်ပြီးယိမ်းထိုးသွားတယ် နောက်လဘက်ရည်ဆိုင်ထဲက ပစ္စည်းတစ်ချို့လည်း အောက်ကိုပြုတ်ကျသွားတယ် အရင်နေ့ကလောက်တော့မကြမ်းသွားဘူး အချိန်ကလည်းခနလေးပါပဲ”ဟု မန္တလေးမြို့နယ် ကိုကျော်စိုးလွင်ကပြောသည်။

မန္တလေးတိုင်း၌ ဒီဇင်ဘာ ၁၅ ရက်နံနက်အစောပိုင်းကလည်း ငလျင်လှုတ်ခတ်ခဲ့သဖြင့် မန္တလေး တိုင်းနှင့်စစ်ကိုင်းတိုင်းတို့ရှိ ဘုရားပုထိုးတော်များနှင့်ရှေးဟောင်းအဆောက်အဦးအချို့ ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရသည်။

“မနေ့က မနက်ပိုင်းငလျင်လှုပ်တဲ့အချိန်ပျက်စီးတာတွေကို ရှင်းလင်းပြီးပြန်လည်ပြင်ဆင်တာတောင်မလုပ်ရသေးတဲ့အချိန်မှာ ဒီနေ့ထပ်လှုပ်တယ် လိုအပ်တာတွေကူညီပေးဖို့နဲ့ပျက်စီးတာတွေထပ်ရှိမရှိ သိရအောင် အသင်း သားတွေကတော့ထွက်ကြည့်နေကြပြီ မနေ့ကလှုပ်တဲ့အရှိန်လောက်တော့မပြင်းဘူး”ဟု မန္တလေးမြို့အခြေ စိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြော သည်။

မန္တလေးတိုင်းအတွင်း၌ ယနေ့ ငလျင် ၃ ကြိမ်လှုပ်ခတ်ခဲ့သော်လည်း ပထမအကြိမ်နှင့်ဒုတိယအ ကြိမ်လှုပ်ခတ်မှုသည် အင်အားအနည်းငယ်ပျော့သဖြင့် သတိထားခံစားမိသူနည်းကာ တတိယအကြိမ်လှုပ်ခတ်ရာတွင်မူ အင်အားအနည်းငယ်ရှိသဖြင့် မန္တလေးတိုင်းအတွင်း၌နေထိုင်သူအားလုံးသိ ရှိခံစားခဲ့ရသည်ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here