အင်ဂျလီနာဂျိုလီ ကုလ၏ဒုက္ခသည်ဆိုင်ရာသံတမန်အဖြစ်မှနှုတ်ထွက်

0
175

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများဖြင့် ထင်ရှားကျော်ကြားခဲ့သည့် သရုပ်ဆောင်မင်းသမီး အင်ဂျလီနာဂျိုလီသည် သူ၏ရာထူးမှနှုတ်ထွက်လိုက်ပြီဖြစ်ကြောင်းသိရှိရသည်။

စစ်ဘေးသင့်နိုင်ငံများစွာသို့ ခရီးထွက်ခဲ့သည့် မင်းသမီးဂျိုလီသည် ဆယ်စုနှစ် နှစ်ခုကျော်ကြာပြီးနောက် အဖွဲ့အစည်းနှင့်လမ်းခွဲခဲ့ခြင်းဖြစ်သည်။

အဖွဲ့အစည်းမှနှုတ်ထွက်လိုက်သော်လည်း ယင်းသို့လုပ်ဆောင်မှုများအား ရပ်တန့်လိုက်ခြင်းမဟုတ်ပဲ သီးခြားဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

ဂျိုလီသည် ၂၀၀၁ ခုနှစ်တွင် UNHCR နှင့် စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် အေဂျင်စီအတွက် အထူးသံတမန်တစ်ဦးဖြစ်လာခဲ့သည်။

သူတာဝန်ထမ်းဆောင်ခဲ့စဉ်ကာလအတွင်း စစ်ဘေးဒဏ်ခံရသည့် နိုင်ငံအများအပြားသို့သွားရောက်ခဲ့ပြီး ယခုနှစ်တွင်လည်း စစ်ဘေးသင့် ယီမင်နှင့်ယူကရိန်းသို့သွားရောက်ကာ ဒုက္ခသည်များနှင့်တွေ့ဆုံခဲ့သည်။

ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာမဟာမင်းကြီး မစ္စဖလစ်ပီနိုဂရန်ဒီကမူ အဖွဲ့အစည်းအတွက် ‌ဂျိုလီ၏ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့မှုများအား အသိအမှတ်ပြုကျေးဇူးတင်ပါကြောင်းပြောကြားခဲ့သည်။

အဖွဲ့တာဝန်မှနှုတ်ထွက်သွားသော်လည်း ဒုက္ခသည်များနှင့်ဆိုင်သည့် အကြောင်းအရာများသည် မစ္စဂျိုလီ၏ရင်ထဲ၌ အစဉ်တည်ရှိနေမည်ဖြစ်ပြီး ၎င်းတို့အရေးဆောင်ရွက်မှုများကိုလည်း ဂျိုလီအနေဖြင့်ရပ်တန့်မည်မဟုတ်ဟုယုံကြည်ကြောင်းလည်းပြောကြားခဲ့သည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here