NLD ပါတီ နာယက သူရဦးတင်ဦးကို နစကအဖွဲ့ဝင် ဦးမန်းငြိမ်းမောင် လာရောက်တွေ့ဆုံ

0
334

NLD ပါတီ နာယက သူရဦးတင်ဦးကို နစကအဖွဲ့ဝင် ဦးမန်းငြိမ်းမောင်က ယနေ့ နံနက်ပိုင်းတွင် လာရောက်တွေ့ဆုံခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။

ယနေ့ ဒီဇင်ဘာ (၁၉) ရက် နံနက် (၉) နာရီဝန်းကျင်က သူရဦးတင်ဦး၏ နေအိမ်တွင် လာရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး မည်သည့် ကိစ္စဖြင့် လာရောက်တွေ့ဆုံသည်ကို မသိရကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။

” လာတာတော့ ရိုးရိုး ဂါရဝပြုဖို့ဆိုပြီး လာတာပဲ။ ဒါပေမဲ့ ဘယ်လို ရည်ရွယ်ချက်မျိုးလဲဆိုတာတော့ မသိဘူး” ဟု သူရဦးတင်ဦးနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

၂၀၂၃ ခုနှစ်အတွင်း ပြုလုပ်မည့် ရွေးကောက်ပွဲတွင် NLD ပါတီအား ဝင်ရောက် ယှဉ်ပြိုင်စေရန် ပြင်ပ၌ ကျန်ရှိနေသည့် ပါတီထိပ်ပိုင်း ခေါင်းဆောင်များနှင့် လတ်တလော အကျဉ်းချခံထားရသည့် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အား စည်းရုံးမှုများ လုပ်ဆောင်နေသည်ဟု အတည်မပြုနိုင်သည့် သတင်းများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေချိန်တွင် ပါတီ နာယကဖြစ်သူ သူရဦးတင်ဦးအား နစကအဖွဲ့ဝင်တစ်ဦးက လာရောက်တွေ့ဆုံခဲ့ခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သည့် လအတွင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးတင်ဦးတို့ထံသို့ NLD ပါတီ အမတ်ဟောင်း ဖြစ်သည့် ဒေါ်စန္ဒာမင်းတို့က NLD ပါတီရုံးချုပ်ပြန် လည်ဖွင့်လှစ်ရန်ကိစ္စ၊ ၂၀၂၃ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ကိစ္စများ တင်ပြရန်အတွက် နစက က စီစဉ်ပေးခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့​သေးသည်။

” သေချာမသိဘူး ။ ဟုတ်လား မဟုတ်လားကို ၊ အသံတော့ ထွက်နေတာပဲ” ဟု အဆိုပါ သူရဦးတင်ဦးနှင့် နီးစပ်သူက ပြောသည်။

ယနေ့နံနက်ပိုင်းတွင် မန်းငြိမ်းမောင်အပြင် NLD ပါတီမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်လည်း သူရဦးတင်ဦးကို လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

” ဦးဟံသာမြင့်ကတော့ ဒီအတိုင်း လာ‌တွေ့တာပါ။ ဟိုတစ်ယောက်လာတာနဲ့ မဆိုင်ဘူး” ဟု ဆိုသည်။

ပြီးခဲ့သည့် နှစ် ဒီဇင်ဘာလ (၅) ရက်ကလည်း နစက ဥက္က ဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် သူရဦးတင်ဦးကို လာရောက်တွေ့ဆုံခဲ့သေးသည်။

Photo-MeKong News – မဲခေါင်သတင်း


LEAVE A REPLY

Please enter your comment!
Please enter your name here