ဆရာဝန်တွေရဲ့ လက်ရေးကို ဘာသာပြန်ပေးမယ့် ဉာဏ်ရည်တုနည်းပညာကို ဂူးဂဲလ် တီထွင်နေ

0
362

မြန်မာနိုင်ငံမှာသာ မဟုတ်ဘဲ နိုင်ငံတကာမှာပါ ဆရာဝန်တွေ ဆေးညွှန်းစာ ရေးပေးတဲ့အခါမှာ သူတို့ရဲ့ လက်ရေးကို နားမလည်တာမျိုး၊ ဖတ်မရတာမျိုး လူတိုင်းနီးပါး ကြုံဖူးကြပါတယ်။

ဒါတွေဟာ နှစ်တွေအတော်ကြာတဲ့အထိ ဆက်လက် ဖြစ်ပျက်နေတဲ့အတွက် သူတို့လက်ရေးနဲ့ ပတ်သက်ပြီး အချို့က ပြက်လုံးထုတ် ဟာသလုပ်ခဲ့တာတွေတောင် ရှိခဲ့ပါတယ်။

ဒါပေမဲ့ အခုအခါမှာတော့ ဒီလိုပြဿနာမျိုးတွေ ကိုဖြေရှင်းပေးဖို့အတွက် ဂူးဂဲလ်ကနေ နည်းပညာတစ်ခုကို တီထွင်နေတယ်လို့ သိရပါတယ်။

အိန္ဒိယမှာ ကျင်းပသွားခဲ့တဲ့ “အိန္ဒိယအတွက် ဂူးဂဲလ်” ဆိုတဲ့ ပွဲကြီးမှာ အကြီးတန်း အမှုဆောင် အရာရှိတစ်ဦးက ယခုလက်ရှိ ဂူးဂဲလ်ဟာ ဘယ်လက်ရေးလက်သားမဆို ကို ဖတ်ပြီး အဓိပ္ပာယ်ဖော်ပေးမယ့် ဉာဏ်ရည်တု နည်းပညာ (အေအိုင်) တစ်မျိုးကို တီထွင်နေတယ်လို့ ပြောခဲ့ပါတယ်။

ဂူးဂဲလ်ဟာ သုတေသနလုပ်ဖို့အတွက် ဆေးဆိုင်တွေနဲ့ ချိတ်ဆက်နေပြီး အဲဒီနည်းပညာကိုလည်း ဂူးဂဲလ် လန့်စ် (Google Lens) ဆိုတဲ့ အက်ပ်ပလီကေးရှင်းရဲ့ ပစိတ်အပိုင်း အနေနဲ့ ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။

ဘယ်အချိန်မှာ စတင်အသုံးပြုလို့ ရမယ်ဆိုတာကို ဂူးဂဲလ်ဘက်က အတိအကျ ကြေညာမသွားခဲ့ပေမယ့် အဲဒီနည်းပညာကို လက်တွေ့မှာ အသုံးပြုနိုင်ဖို့အတွက်ဆိုရင် အများကြီး လေ့လာပြင်ဆင်ဖို့ လိုသေးတယ်လို့ ပြောခဲ့ပါတယ်။

အစောပိုင်း ကဖော်ပြထားတဲ့ အချက်အလက်တွေအရ အဲဒီနည်းပညာကို အသုံးပြုဖို့ဆိုရင် ဂူးဂဲလ် လန့်စ်မှာရှိတဲ့ ကင်မရာနဲ့ အဓိပ္ပာယ်ပြန်စေလိုတဲ့ လက်ရေးနဲ့စာကို အရင်ဆုံး ဓာတ်ပုံရိုက်ပေးရမှာ ဖြစ်ပါတယ်။ ပြီးမှ အေအိုင်ကနေ ဖတ်ရှုသူတွေ နားလည်နိုင်အောင် ပြန်ပြီး အဓိပ္ပာယ် ဖော်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here