ထိုင်ဝမ်ရှိ အသက် ၆၀ ကျော်အရွယ်များ League of Legends ဂိမ်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ

0
108

ထိုင်ဝမ် [တရုပ်-တိုင်ပေ] ဒီဇင်ဘာ ၂၁

ထိုင်ဝမ်ရှိ အသက် ၆၀ ကျော်အရွယ် လူကြီးများသည် ဒီဇင်ဘာလ ၁၇ ရက် စနေနေ့က ကျင်းပခဲ့သော League of Legends ဂိမ်းပြိုင်ပွဲတွင် ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

League of Legends သည် လူဆော့အများဆုံး မိုဘာဂိမ်းတစ်မျိုး ဖြစ်ပြီး တစ်ဖက် ငါးယောက်စီဖြင့် စုစုပေါင်း ဆယ်ယောက် ယှဉ်ပြိုင်ကစားရသော အွန်လိုင်းဂိမ်းဖြစ်သည်။

အသင်း၏ အမည်ကို ဟန်းဂ်ခွမ်း အဲဗားဂရင်း ဂိမ်းမင်း ဟု အမည်ပေးထားပြီး ယခုနှစ် နွေရာသီအတွင်း ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

အသင်းကို အသက် ၆၂ နှစ်မှ ၆၉ နှစ်ကြား လူကြီများဖြင့် ဖွဲ့စည်းထားပြီး ဟန်းဂ်ခွမ်း တက္ကသိုလ်ဆိုင်ရာ ဂိမ်းဖွံ့ဖြိုးတိုးတက်ရေးနှင့် အက်ပလီကေးရှင်းဌာန၏ ညွှန်းကြားရေးမှူး ဟျွမ်ကျန်ကျီက ဦးဆောင်၍ တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

အသင်း၏ ကစားသမားတစ်ဦးဖြစ်သည့် ၆၅ နှစ်အရွယ် ချိန်ရီရှူးက လွန်ခဲ့သည့် တစ်နှစ်အထိ ကွန်ပြူတာနှင့် ပတ်သက်၍ ဘာမှမသိရှိခဲ့ကြောင်း ပြောသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် ကွန်ပြူတာအကြောင်း သိပ်မသိပါဘူး။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရတာကို ပိုနှစ်သက်တဲ့အတွက် ဒီအကြောင်းတွေ သင်ယူဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးပါဘူး။ ဒါပေမယ့် စကစားကြည့်တဲ့အခါမှာ ဂိမ်းဆော့တာဟာ ဦးနှောက်အတွက် ကောင်းတယ်လို့ ထင်ပါတယ်။ အထူးသဖြင့် လက်ကို အသုံးပြုတဲ့အခါမှာပေါ့၊ ဂိမ်းဆော့ဖို့ဆို လက်က ကျွမ်းကျွမ်းကျင်ကျင် ရွေ့လျားနိုင်ဖို့ လိုအပ်ပါတယ်” ဟု ချိန် က ဆိုသည်။

ပြိုင်ပွဲဝင်နိုင်ရန်အတွက် ချိန်သည် အချိန်အားရင် အားသလို အိမ်မှာရော တက္ကသိုလ်မှာပါ လေ့ကျင့်ခဲ့ပြီး တစ်ပတ်လျှင် ငါးနာရီခန့် ဆော့ကစားခဲ့သည်ဟု သူ၏ နည်းပြ အီဂိုဆု ကပြောသည်။

ပြိုင်ပွဲအတွင်း ရှုံးနှိမ့်ခဲ့သော်လည်း ချိန် နှင့် အသင်းဖော်များအတွက် ဂိမ်းဆော့ခြင်းသည် အသစ်အဆန်းများကိယူရန်အတွက် အခွင့်အရေးတစ်ခု ဖြစ်ခဲ့ပြီး နည်းပညာနှင့် ပတ်သက်လျှင် မသိနားမလည်ဘူး ဟူသော အတားအဆီး တစ်ခုကို ကျော်လွှားနိုင်ခဲ့ပေသည်။

Source: The Hour


LEAVE A REPLY

Please enter your comment!
Please enter your name here