တရုတ်ကို ကိုဗစ်ကာကွယ်ဆေးလှူရန် အမေရိကကမ်းလှမ်း၊ လက်ခံမည့်ပုံမပေါ်

0
160

ဝါရှင်တန်၊ဒီဇင်ဘာ ၂၁

တစ်ကမ္ဘာ လုံး၏အကျိုးစီးပွားအတွက် တရုတ်နိုင်ငံ၌ဖြစ်ပွားနေသော ကိုဗစ်ရောဂါမြင့်တက်နေမှုအား တားဆီးနိုင်ရန် အမေရိကအနေဖြင့် ကာကွယ်ဆေးကူညီပေးနိုင်ကြောင်း ဒီဇင်ဘာလ ၂၀ ရက်နေ့ကပြောကြားခဲ့သည်ဟုသိရှိရသည်။

သို့သော်ပေကျင်းအနေဖြင့် ၎င်း၏ပြည်တွင်းထုတ် ကာကွယ်ဆေးအား တစ်ကမ္ဘာလုံးသို့တင်ပို့ရောင်းချနေသည့်အပြင် ၎င်း၏မကြာခဏဆိုသလိုရန်ဘက်ဖြစ်သော အမေရိကထံမှအဆိုပါအကူအညီအား လက်ခံနိုင်ဖွယ်မရှိကြောင်းလည်းဖော်ပြထားသည်။

တစ်ကမ္ဘာလုံးရှိလူများသည် ကာကွယ်ဆေး ကို အကြိမ်ပြည့်ထိုးနှံပြီး ကာကွယ်စောင့်ရှောက်မှုအပြည့်အဝရရှိနိုင်ရေးအတွက်ကြောင့် ယခုကဲ့သို့ကမ်းလှမ်းရခြင်းဖြစ်ကြောင်း ကန်နိုင်ငံခြားရေးဝန်ကြီး နက်ထ်ပရိုက်စ်ကပြောကြားခဲ့သည်။

၄င်းအပြင် အမေရိကသည်တစ်ကမ္ဘာလုံး၌ ကာကွယ်ဆေးလှူဒါန်းမှုအများဆုံး အလှူရှင်နိုင်ငံဖြစ်ပြီး တရုတ်အပါအဝင် ကမ္ဘာတစ်ဝန်းရှိလူများကို ကိုဗစ်ကာကွယ်ဆေးအပါအဝင် အခြားဆက်စပ် ကျန်းမာရေးဆိုင်ရာပံ့ပိုးကူညီမှုများအား ဆက်လက်လုပ်ဆောင်ပေးရန်အဆင်သင့်ရှိသည်ဟုလည်း ၎င်းကပြောကြားခဲ့သေးသည်။

ယခုအစီအစဉ်သည် ကမ္ဘာ့ကောင်းကျိုးအတွက်သာရည်ရွယ်ခြင်းဖြစ်ပြီး နိုင်ငံရေးအငြင်းပွားမှုများနှင့်မသက်ဆိုင်ဘဲပေးအပ်သည့်အကူအညီဖြစ်သည်ဟုလည်း၎င်းကဆိုသည်။ကမ္ဘာ့ဒုတိယစီးပွားရေး အင်အားအကြီးဆုံးနိုင်ငံ ဖြစ်‌ သောတရုတ်အတွက်သာမက နိုင်ငံတကာအသိုက်အဝန်း၏ ကောင်းကျိုးအတွက် ကိုပါရည်ရွယ်ခြင်းဖြစ်သည်ဟု အလေးပေးပြောကြားခဲ့သည်။

တရုတ်ပြည်တွင်းထုတ် ဆိုင်နိုဖန်းကာကွယ်ဆေးသည် နှစ်ကြိမ်မြောက်ထိုးပြီးချိန်တွင် ရောဂါလက္ခဏာနှင့်ဆေးရုံတက်ရနိုင်ခြေ ၇၉ ရာခိုင်နှုန်းအထိကာကွယ်ပေးသော်လည်း အမေရိကထုတ် မိုဒန်နာနှင့်ဖိုက်ဇာကာကွယ်ဆေးများကမူ ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်သည့်အာနိသင်ရှိသည်ဟုလည်းဖော်ပြထားသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here