ရုရှားကယူကရိန်းနှင့်ညှိနှိုင်းရန်အသင့်ရှိ၊ အနောက်အုပ်စုနှင့်ယူကရိန်းကသာငြင်းဆိုနေခြင်းဖြစ်ဟုသမ္မတပူတင်ဆို

0
140

မော်စကို၊ဒီဇင်ဘာ ၂၅

ရုရှားအနေဖြင့် ကိဗ်အရေးနှင့်ပတ်သက်၍ သက်ဆိုင်သူအားလုံးနှင့် ညှိနှိုင်းဆွေးနွေးရန်အဆင်သင့်ဖြစ်နေသော်လည်း ယူကရိန်းနှင့်၎င်း၏အနောက်အုပ်စုမဟာမိတ်များကသာ ညှိနှိုင်းရေးအား လက်မခံဘဲငြင်းဆိုနေခြင်းဖြစ်သည်ဟု တနင်္ဂနွေနေ့ကထုတ်လွှင့်ခဲ့သော သမ္မတပူတင်၏အင်တာဗျူးတွင်ပါရှိသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ရုရှား၏ယူကရိန်းသို့ကျူးကျော်တိုက်ခိုက်မှုသည် ဥရောပ၌ဒုတိယကမ္ဘာစစ်ပြီးလျှင် အသေပျောက်အများဆုံးသော ပဋိပက္ခဖြစ်လာခဲ့ပြီး ၁၉၆၂ ခုနှစ် ကျုဘား ဒုံးကျည် အကျပ်အတည်း ဖြစ်ပြီးနောက် ပိုင်း မော်စကိုနှင့်အနောက်အုပ်စုအကြား အကြီးမားဆုံးသောထိပ်တိုက်တွေ့မှုလည်းဖြစ်လာခဲ့သည်။

ယခုပဋိပက္ခ၌ ခရင်မလင်ကလည်း ၎င်းလိုချင်တာမရမချင်း တိုက်ခိုက်သွားမည်ဟုဆိုထားသကဲ့သို့ ကိဗ်ဘက်ကလည်း ၂၀၁၄ ခုနှစ်က ရုရှားသိမ်းယူခဲ့သည့် ခရိုင်းမီးယားအပါအဝင် တစ်နိုင်ငံလုံးရှိ ရုရှားစစ်သားအားလုံးကို မနှင်ထုတ်နိုင်မခြင်း တိုက်ခိုက်မှုကိုရပ်နားမည်မဟုတ်ကြောင်းပြောကြားခဲ့သည်။

ယင်းနောက် ရုရှားနိုင်ငံပိုင်ရုပ်မြင်သံကြား အင်တာဗျူး၌ “လက်ခံနိုင်လောက်တဲ့ ဖြေရှင်းနည်းတွေနဲ့ ပါဝင်ပတ်သက်နေသူအားလုံးကို ညှိနှိုင်းဖို့ရုရှားဘက်ကအဆင်သင့်ဖြစ်နေပြီး ကျန်တာကတော့ ကိဗ်နဲ့သူ့ရဲ့မဟာမိတ်တွေပေါ်ပဲမူတည်ပါတယ်။သေချာတာတစ်ခုကတော့ ဆွေးနွေးညှိနှိုင်းဖို့က ရုရှားဘက်ကတစ်ခါမှ မငြင်းဆိုထားဖူးဘူးဆိုတာပါပဲ” ဟု သမ္မတပူတင်ကပြောကြားခဲ့သည်။

သမ္မတပူတင်ကရုရှားအနေဖြင့် လမ်းကြောင်းမှန်ကိုသာလျှောက်နေခြင်းဖြစ်ပြီး အမေရိက ဦးဆောင်သည့်အနောက်အုပ်စုကသာ ရုရှားကိုပြိုကွဲ ပြီးအားနည်းအောင် ယူကရိန်းအားအသုံးချနေခြင်းဖြစ်သည်ဟုလည်းဆိုခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here