ကမ္ဘာတစ်ဝန်းလုံးတွင် အမျိုးသမီးများသည် အမျိုးသားများထက် တစ်ပါးသူအပေါ် ပိုမို စာနာနားလည်တတ်သူများဖြစ်ဟုကိမ်းဘရစ်ချ်သုတေသီများဆို

0
147

ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်နေရာမှာပဲ နေနေ၊ ဘယ်လိုယဉ်ကျေးမှု ဒါမှမဟုတ် ဘယ်လို မိသားစုကနေပဲ ကြီးပြင်းလာလာ များသောအားဖြင့် အမျိုးသမီးတွေဟာ အမျိုးသားတွေထက် တစ်ပါးသူအပေါ် ပိုမို စာနာနားလည်တတ်တယ်လို့ PNAS ဂျာနယ်မှာ ဒီဇင်ဘာလ ၂၆ ရက် တနင်္လာနေ့က ဖော်ပြခဲ့တဲ့ လေ့လာမှုတစ်ခု အရ သိရပါတယ်။

ဗြိတိန်မှာရှိတဲ့ ကိမ်းဘရစ်ချ် တက္ကသိုလ်မှ သုတေသီတွေက ဒီလေ့လာမှုဟာ စာနာစိတ်ကို လေ့လာခဲ့ဖူးသမျှထဲမှာ အကြီးကျယ်ဆုံး ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဒါပေမဲ့ သူတို့လေ့လာခဲ့တဲ့ စာနာစိတ်ဆိုတာဟာ သိပ္ပံပညာရှင်တွေ ခေါ်တဲ့ ဖောက်ထွင်းသိမြင်တတ်တဲ့ စာနာစိတ်ဆိုတဲ့ စာနာမှုပုံစံမျိုး ဖြစ်ပါတယ်။

ဥပမာပြောရင် တစ်ယောက်ယောက်က အားလပ်ရက်မှာ မိသားစုနဲ့ ကတောက်ကဆဖြစ်ခဲ့တယ် ဆိုပြီး ရင်လာဖွင့်ရင် ဖောက်ထွင်းသိမြင်တတ်တဲ့ စာနာစိတ်ရှိသူက အဲဒီလူနေရာမှာ ဝင်ခံစားနိုင်ပြီး ဒီလိုမျိုးတွေဖြစ်တာဟာ အဲဒီလူကို ဘယ်လိုမျိုး ခံစားစေရသလဲ ဆိုတာကို အသိဉာဏ်ရှိရှိနဲ့ နားလည်သိရှိတာမျိုးကို ပြောတာပါ။

အဲဒါဟာ ထပ်တူကျ စာနာစိတ်မျိုးနဲ့ မတူပါဘူး။ ထပ်တူကျ စာနာစိတ်မျိုးဆိုတာက သူငယ်ချင်းတစ်ယောက်က ရည်းစားနဲ့ ပြတ်သွားလို့ လာငိုတဲ့အခါမျိုးမှာ သူပါ ဝမ်းနည်းလာတာမျိုးကို ပြောလိုခြင်း ဖြစ်ပါတယ်။

ကိမ်းဘရစ်ချ် တက္ကသိုလ်ရဲ့ ဝဘ်ဆိုဒ်မှာ အဲဒီလိုမျိုး စာနာစိတ်နှစ်မျိုးစလုံးကို စမ်းသပ်တဲ့ လေ့လာမှုတစ်ခုရှိပါတယ်။ ဒါပေမဲ့ ဖောက်ထွင်းသိမြင်တတ်တဲ့ စာနာစိတ်ကို စမ်းသပ်တဲ့အခါမှ မျက်လုံးကို ကြည့်ပြီး စိတ်ကိုဖတ်ခြင်းဆိုတဲ့ မတူညီတဲ့ စမ်းသပ်မှုကို အသုံးပြုခဲ့ပါတယ်။

အဲဒီစမ်းသပ်မှုဟာ အခြားလူရဲ့ စိတ်အခြေအနေနဲ့ စိတ်ခံစားချက်တွေကို ဘယ်လောက် နားလည်နိုင်သလဲဆိုတဲ့ လူတစ်ယောက်ရဲ့ စွမ်းရည်ကို တိုင်းတာပေးပါတယ်။

စမ်းသပ်မှုမှာ ပါဝင်တဲ့သူတွေကို မျက်နှာအမူအရာ ပုံစံတစ်မျိုးမျိုးကို ပြုလုပ်ခိုင်းထားပြီး မျက်လုံးတစ်ဝိုက်နားကို ဓာတ်ပုံရိုက်စေပါတယ်။ အဲဒီနောက် ပါဝင်သူတွေကို အခြားသူတွေ ရိုက်ထားတဲ့ပုံတွေကို ကြည့်စေပြီး သူတို့ ဘာတွေးနေသလဲ ဒါမှမဟုတ် ဘာခံစားနေရသလဲ ဆိုတာကို အဓိပ္ပာယ်ဖော်ခိုင်းပါတယ်။

ရိုးရာယဉ်ကျေးမှုက စာနာနားလည်စိတ်ပေါ် ပြောင်းလဲစေမှု ရှိမရှိ သိစေဖို့အတွက်လည်း နိုင်ငံပေါင်း ၅၆ နိုင်ငံအနှံ့မှ လူပေါင်း ၃ သိန်းကျော်နီးပါးကို စမ်းသပ်ခဲ့လို့ သိရပါတယ်။

ရလဒ်အနေနဲ့ နိုင်ငံပေါင်း ၃၆ နိုင်ငံမှာ အမျိုးသမီးတွေရဲ့ ဖောက်ထွင်းသိမြင်တတ်တဲ့ စာနာစိတ် အမှတ်ဟာ အမျိုးသားတွေထက် သိသိသာသာ မြင့်မားနေပြီး ၂၁ နိုင်ငံမှာတော့ နှစ်ဘက်စလုံး အတူတူဖြစ်နေတာကို တွေ့ရပါတယ်။ ဒါပေမဲ့ အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုမြင့်မားနေတဲ့ နိုင်ငံတစ်ခုမှ မရှိဘူးလို့ လေ့လာမှုမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဖောက်ထွင်းသိမြင်တတ်တဲ့ စာနာစိတ်ဟာ အသက်ကြီးလာတာနဲ့အမျှ တဖြည်းဖြည်း အားနည်းလာတယ်လို့လည်း လေ့လာမှုကို ဦးဆောင်သူ ဂရင်းဘတ်က ပြောခဲ့ပါတယ်။

Source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here