အမျိုးသမီးများအပေါ် တာလီဘန်အစိုးရ၏ ကန့်သတ်ပိတ်ပင်ထားမှုများကို ကုလရှုတ်ချ၊ ချက်ခြင်း ရုပ်သိမ်းရန် တိုက်တွန်း

0
146

အာဖဂန်နစ္စတန်ရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို ကန့်သတ်ပိတ်ပင်ထားသည့် တာလီဘန်အစိုးရ၏ မူဝါဒများကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ရှုတ်ချလိုက်သည်။

အမျိုးသမီးများတက္ကသိုလ်တက်ရောက်ပညာသင်ကြားခွင့်နှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်း (NGO)များတွင် အလုပ်လုပ်ခွင့်ကို ပြီးခဲ့သည့် သီတင်းပတ်အတွင်းတွင် တာလီဘန်အစိုးရက တားမြစ်ပိတ်ပင်ခဲ့သည်။

အမျိုးသမီးများ၏ ပညာရေးအပေါ် ကန့်သတ်ချက်များ တိုးမြင့်လာခြင်းကြောင့် အလွန်စိုးရိမ်မိကြောင်း အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သော ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း တာလီဘန်အစိုးရအနေဖြင့် ယင်းကန့်သတ်ချက်များကို ချက်ခြင်း ရုပ်သိမ်းရမည်ဟု တောင်းဆိုလိုက်သည်။

အာဖဂန်နစ္စတန်ရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အပြည့်အဝ၊ တန်းတူညီမျှပြီး အဓိပ္ပာယ်ပြည့်ဝစွာ ပါဝင်ဆောင်ရွက်ခွင့်ပြုရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

“ဒီမူဝါဒတွေကို မြန်မြန်ပြောင်းပြန်လှန်ပစ်ဖို့ တာလီဘန်အစိုးရကို တိုက်တွန်းထားပါတယ်”ဟု အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကပြောကြားသည်။

ထိုသို့ပိတ်ပင်ခြင်းများသည် ကုလသမဂ္ဂအပါအဝင် နိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများအတွက် သိသာထင်ရှားပြီး အကျိုးသက်ရောက်မှုများ ချက်ခြင်းပေါ်ပေါက်လာစေမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here