ဘင်္ဂလားဒေ့ရှ်၌ မြေအောက်ရထားပြေးဆွဲပြီ

0
138

ဒါကာ၊ဒီဇင်ဘာ ၂၉

မြို့တော်ဒါကာ၌ လူနေထူထပ်ပြီး ယာဉ်ကြောပိတ်ဆို့မှုအား လျှော့ချရန်ရည်ရွယ်ချက်ဖြင့် ဘင်္ဂလားဒေ့ရှ်တွင် ပထမဆုံးမြေအောက်ရထားဝန်ဆောင်မှုအား ဒီဇင်ဘာလ ၂၈ ရက်ကစတင်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါစီမံကိန်းအား ဂျပန်နိုင်ငံက အဓိကထောက်ပံ့ထားခြင်းဖြစ်ကာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရှိတ်ဟာဆီနာသည် အသစ်ခန့်အပ်ထားသော ဂျပန်သံအမတ်ကြီး ကီမီနိုရီအီဝါမာ နှင့် ဂျပန် အပြည်ပြည် ဆိုင်ရာ ပူး ပေါင်းဆောင်ရွက် ရေးအေဂျင်စီ (JICA) ၏ ကိုယ်စားလှယ်တို့နှင့်အတူ ဖွင့်လှစ်ပေးခဲ့သည်ဟုသိရသည်။

နိုင်ငံ၏ပထမဆုံး မြေအောက်ရထားကို ဗုဒ္ဓဟူးနေ့ကစတင် ပြေးဆွဲခဲ့ပြီး ၂၀၃၀ ပြည့်နှစ်တွင်ဘူတာရုံပေါင်း ၁၀၀ ကျော်နှင့် လိုင်းခြောက်လိုင်းအထိတိုးချဲ့နိုင်ရန် မျှော်လင့်ထားသည်ဟုဆိုသည်။

ဒါကာသည် ကမ္ဘာ့လူဦးရေအထူထပ်ဆုံး မြို့များထဲမှတစ်ခုဖြစ်ပြီး နေ့စဉ်ယာဉ်ကြောပိတ်ဆို့မှုများဖြင့် သွားလာနေရသူ သန်း ၂၀ ခန့်ရှိသည်။

ဘင်္ဂလားဒေ့ရှ် အင်ဂျင်နီယာနှင့်နည်းပညာတက္ကသိုလ်မှသုတေသနပြုချက်အရ ဒါကာ၏ စီးပွားရေးသည် ယာဉ်ကြောပိတ်ဆို့မှုကြောင့် ဆုံးရှုံးရသည့်အလုပ်ချိန်များအရ တစ်နှစ်လျှင် ဒေါ်လာ ၃ ဘီလျံခန့်ဆုံးရှုံးနေရသည်ဟုဆိုသည်။

JICA အကြီးအကဲ တိုမိုဟီဒီကမူ ယခုစီမံကိန်းသည် နောက်ထပ်လာမည့် ဘင်္ဂလားဒေ့ရှ်နှင့်ဂျပန်ပူးပေါင်းဆောင်ရွက်မှု၏ အစသာ ဖြစ်ပြီး ဒါကာပြည်သူများ၏ ဘဝအားပြောင်းလဲစေမည်ဟုလည်းဆိုခဲ့သည်။

ဂျပန်နှင့်တရုတ်နှစ်နိုင်ငံစလုံးသည် ဘင်္ဂလားဒေ့ရှ်ဖွံ့ဖြိုးမှုအတွက် အဓိကမိတ်ဖက်နိုင်ငံများဖြစ်ကြပြီး ဘင်္ဂလားဒေ့ရှ်အားကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့စာရင်း၌ ၂၀၂၆ ခုနှစ်တွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံမှ ဖွံ့ဖြိုးဆဲနိုင်ငံသို့ ရောက်ရှိရန်ဝိုင်းဝန်းကြိုးပမ်းလျက်ရှိကြသည်။

Source :AP


LEAVE A REPLY

Please enter your comment!
Please enter your name here