စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အသစ်သွန်းလောင်းထုတ်ဝေမည့် တစ်ကျပ်သားရွှေဒင်္ဂါးနှင့်ငါးမူးသားရွှေဒင်္ဂါးများအား ဇန်နဝါရီ ၅ ရက်မှစတင်ဝယ်ယူနိုင်မည်

0
294

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်း အမှတ်အဖြစ် တစ်ကျပ်သားရွှေဒင်္ဂါးနှင့်ငါးမူးသားရွှေဒင်္ဂါးများအား အသစ်သွန်းလောင်းထုတ်ဝေမည်ဖြစ်သည်။ 

အသစ်သွန်းလောင်းထုတ်ဝေမည့် ရွှေဒင်္ဂါးများအား ရန်ကုန်၊နေပြည်တော်နှင့်မန္တလေးတို့ရှိ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၏ အရောင်းဆိုင်များတွင် ဇန်နဝါရီ ၅ ရက်မှစ၍ ဝယ်ယူနိုင်မည်ဖြစ်သည်။

အသစ်သွန်းလောင်းသည့် တစ်ကျပ်သားရွှေဒင်္ဂါးမှာ အချင်း ၂၆ ဒသမ ၀ မီလီမီတာ၊ အထူ ၂ ဒသမ ၀ မီလီမီတာရှိ၍ ဒင်္ဂါး၏ရှေ့မျက်နှာပြင်အလယ်ဗဟိုတွင် ဆင်ဖြူတော်ပုံပါရှိပြီး ပုံ၏ယာဘက်တွင် “၇၅ နှစ်မြောက်”ဟုပါရှိသည်။

ဆင်ဖြူတော်၏အောက်ခြေတွင် “၁ ကျပ်သား ၂၀၂၃”၊ ရွှေဒင်္ဂါး၏အနားပတ်လည်တွင် “မြန်မာ နိုင်ငံတော်ဗဟိုဘဏ်” “၇၅နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့” ဟု ဖော်ပြထားသည်။

ရွှေဒင်္ဂါး၏ ကျောဘက်မျက်နှာပြင်တွင်လည်း ဆင်ဖြူတော်ပုံပါရှိပြီး အင်္ဂလိပ်ဘာသာဖြင့် ယာဘက်တွင် “ 75” ၊ ပုံ၏အောက်ဘက်တွင် “16.329 gm. 2023”၊ ရွှေဒင်္ဂါးပြားအနားပတ်လည်တွင် “Central Bank of Myanmar” “75 Diamond Jubilee Independence Day” ဟုဖော်ပြထား သည်။

ထို့ပြင် အသစ်သွန်းလောင်းသည့် ငါးမူးသားရွှေဒ င်္ဂါးမှာ အချင်း ၂၂ ဒသမ ၀ မီလီမီတာ၊ အထူ ၁ ဒသမ ၅ မီလီမီတာရှိ၍ ဒင်္ဂါး၏ ရှေ့မျက်နှာပြင်အလယ်ဗဟိုတွင် ဆင်ဖြူတော်ပုံပါရှိပြီး ပုံ၏ယာဘက်တွင် “၇၅ နှစ်မြောက်”၊ဆင်ဖြူတော် အောက်ခြေတွင် “၅ မူးသား ၂၀၂၃”၊ ရွှေဒင်္ဂါး၏ အနားပတ်လည်တွင် “မြန်မာနိုင်ငံတော်ဗဟိုဘဏ်” “၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့” ဟုဖော်ပြထားသည်။ 

ရွှေဒင်္ဂါး၏ ကျောဘက်မျက်နှာပြင်တွင်လည်း ဆင်ဖြူတော်ပုံပါရှိပြီး အင်္ဂလိပ်ဘာသာဖြင့် ယာဘက်တွင် “75th” ၊ ပုံ၏ အောက်ဘက်တွင် “8.164gm.2023”၊ ရွှေဒင်္ဂါးပြားအနားပတ်လည်တွင် “Central Bank of Myanmar” “75th Diamond Jubilee Independence Day” ဟုဖော်ပြထားသည်။ 

တစ်ကျပ်သားနှင့်ငါးမူးသားရွှေဒင်္ဂါးများ ဝယ်ယူရာတွင် ရွှေဒင်္ဂါးပြားနှင့်အတူ ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် သွန်းလောင်းသည့် ဌာနအကြီးအကဲတို့၏ မှန်ကန်ကြောင်းထောက်ခံချက်များပါရှိမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here