နိုင်ငံအရေးကိစ္စကို လက်နက်နည်းဖြင့်ဖြေရှင်းခြင်းထက် တွေ့ဆုံညှိနှိုင်းအဖြေရှာကြစေလိုဟု ကရင်အမျိုးသားအစည်းအရုံးက မေတ္တာရပ်ခံတောင်းဆို

0
361

မြန်မာနိုင်ငံ၌ ဖြစ်ပေါ်လျက်ရှိသည့် နိုင်ငံရေးအ ခြေအနေများနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံးမှ စောရွေမောင်းက လက်မှတ်ရေး ထိုး၍ KNU ခေါင်းဆောင်ကြီးများနှင့် NUG အဖွဲ့ဝင်များအား မေတ္တာရပ်ခံတောင်းဆိုခဲ့ခြင်းဖြစ် သည်။

နိုင်ငံအရေးကိစ္စအား လက်နက်နည်းဖြင့် ဖြေရှင်းခြင်းထက် ညှိနှိုင်းအဖြေရှာခြင်းနည်းကသာ ညီ နောင်သားချင်းအားလုံးအတွက် အကျိုးရှိစေမည်ဖြစ်၍ ပစ်ခတ်တိုက်ခိုက်သတ်ဖြတ်နေကြခြင်းကို ရှောင်ရှားကာ တွေ့ဆုံညှိနှိုင်းအဖြေရှာကြစေလိုသည်ဟု မေတ္တာရပ်ခံစာ၌ ရေးသားထားသည်။

ကရင့်တစ်မျိုးသားလုံးမှလည်း ငြိမ်းချမ်းစွာနေလိုကြကာ ပဋိပက္ခကိုမလိုလားဘဲ စည်းလုံးညီညွတ်စွာနေလိုသည်ဟုလည်း ရေးသားထားသည်။

ထို့ကြောင့် ပြည်တွင်းစစ်ကိုမလိုလား ဆန့်ကျင် သည်ဖြစ်၍ မိမိတို့အမျိုးသားထု၏ ဆန္ဒလိုလား ချက်များကို ဖြည့်ဆည်းဆောင်ရွက်ကြစေလိုသည်ဟု မေတ္တာရပ်ခံတောင်းဆိုခဲ့သည်။

မိမိတို့ဒေသခံ ကရင်ပြည်သူများသည် နှစ်ရှည်လများ စစ်ဒဏ်ခံလာခဲ့ရသည့် ပြည်သူများဖြစ်ပြီး စစ်ကြောင့် ပြည်သူလူထုများ ဘဝ နိမ့်ကျသထက် နိမ့်ကျပြီး ဆင်းရဲမွဲတေဆုံးသော လူအစုစည်းတစ်ခုသို့ ရောက်ရှိနေပြီလည်းဖြစ်သည်ဟု မေတ္တာရပ် ခံစာ၌ ရေးသားထားသည်။

လက်ရှိတွင် နိုင်ငံ၏အရေးကိစ္စများကို လက်နက်ဖြင့် ထပ်မံဖြေရှင်းလာနေသည်ကို ဝမ်းနည်းဖွယ် ရာတွေ့မြင်နေရပြန်ပြီဖြစ်ရာ ဤသို့ ရှေ့ဆက်ဆောင်ရွက်မည်ဆိုပါက မိမိတို့၏ နေထိုင်ရာအမိနိုင်ငံသည် စစ်တလင်းပြင် ထပ်မံဖြစ်ပြီး ပြာပုံဘဝသို့ ဆိုက်ရောက်မည်ဖြစ်သည်ဟု ရေးသားထားသည်။

ထို့ကြောင့် တောင်းဆိုကြွေးကြော်သည့် နိုင်ငံကောင်းကျိုး၊ပြည်သူလူထုကောင်းကျိုး၊ဖွံ့ဖြိုးတိုးတက်သော၊ငြိမ်းချမ်းသာယာဝပြောသော၊ နိုင်ငံပြည်သူလူထုဘဝကို မြင့်တင်ဆောင်ရွက်ရန်ဟူသည့် စကားရပ်ကိုအမှတ်ရစေလိုသည်ဟု မေတ္တာရပ်ခံစာ၌ရေးသားထားသည်။

ထိုသို့ ဆောင်ရွက်ချက်ကြောင့် အမိနိုင်ငံ၊မိဘပြည်သူဘဝပိုမိုပြီးဆင်းရဲတွင်းသို့ နက်သထက် နက်ရှိုင်းသွားမည့်အရေးကို ဆင်ခြင်စေလိုပြီး ယခင်ကြုံတွေ့ ခဲ့ရသည့် ပြည်တွင်းစစ်၏ ဒဏ်ရာ ဒဏ်ချက်များသည်လည်း ကျွန်ုပ်တို့ညီနောင်သားချင်းအား လုံးအတွက် သင်ခန်းစာရယူသင့်ပြီဟုလည်း မေတ္တာရပ်ခံစာတွင် ရေးသားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here