(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် လယ်တီဆရာတော်ကြီး အပါအဝင် ဆရာတော်ကြီး ၁၀ ပါးအား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များဆက်ကပ်

0
385

နစက ဥက္ကဋ္ဌမှ ဇန်နဝါရီ ၄ ရက်(ယနေ့)တွင်ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် ထင်ရှားကျော်ကြား၍ ဩဇာတိက္ကမကြီးခဲ့ပြီး ပျံလွန်တော်မူပြီးဖြစ်သည့် လယ်တီဆရာတော်ကြီးအပါအဝင် ဆရာတော်ကြီး ၁၀ ပါးအား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းသည်ဟု အမိန့်ကြော်ငြာစာအ မှတ်(၁/၂၀၂၃) ဖြင့် အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များဖြစ်သည့် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်အား စစ် ကိုင်းတိုင်း၊မုံရွာမြို့၊မဟာလယ်တီကျောင်းတိုက်မှ ဘဒ္ဒန္တဉာဏဓဇ(လယ်တီဆရာတော်ကြီး)၊မန္တလေးတိုင်း၊အမရပူရမြို့နယ်၊ဆင်စွယ်ပွတ်ရပ်ကွက်၊မဟာဂန္ဓာရုံကျောင်းမှ ဘဒ္ဒန္တဇနကာဘိဝံသ(တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီး)နှင့်မင်္ဂလာကျောင်းတိုက်၏ ဘဒ္ဒန္တဝိမလ(မိုးကုတ်ဆရာတော်ကြီး)တို့အားဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့ပြင် ရန်ကုန်တိုင်း၊ဗဟန်းမြို့နယ်၊မဟာစည်သာသနာ့ရိပ်သာကျောင်းမှ ဘဒ္ဒန္တသောဘန(မဟာစည်ဆရာတော်ကြီး)၊မရမ်းကုန်းမြို့နယ်၊အမှတ် (၅)ရပ်ကွက်၊အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓ သာသနာပြုတက္ကသိုလ်မှ ဒေါက်တာဘဒ္ဒန္တသီလာနန္ဒာဘိဝံသ(ပါဠိ-ရိုမန်ဆရာတော်ကြီး)တို့ကိုလည်း ဆက်ကပ်လှူဒါန်းခဲ့သည်။

အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်အား မန္တလေးတိုင်း၊ကျောက်ဆည်မြို့ရှိ ကျောက်ဆည်ဝေဘူချောင်ကျောင်းမှ ဘဒ္ဒန္တကုမာရ၊ မြင်းခြံမြို့နယ်၊စွန်းလွန်းကျေးရွာရှိ စွန်းလွန်းဂူကျောင်းတိုက်မှ ဘဒ္ဒန္တကဝိ၊ ရခိုင်ပြည်နယ်၊စစ်တွေမြို့၊ရွှေစေတီကျောင်းတိုက်မှ ဘဒ္ဒန္တဉတ္တမ တို့အား ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့အတူ ရန်ကုန်တိုင်း၊မှော်ဘီမြို့နယ်၊နှောကုန်းကျေးရွာ၊သဲအင်းဂူဝိပဿနာကမ္မဋ္ဌာန်းကျောင်းတိုက်မှ ဘဒ္ဒန္တဥက္ကဋ္ဌ၊ ကြည့်မြင်တိုင်မြို့နယ်၊ဝေဠုဝန်ကျောင်းတိုက်မှ ဘဒ္ဒန္တဝိစာရ တို့ကိုလည်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here