မလေးရှားနိုင်ငံ၌ မြန်မာလူမျိုး သမီးရည်းစား စကားများရာမှ အမျိုးသမီးဖြစ်သူသေဆုံးခဲ့သဖြင့် ပြစ်မှုကျူးလွန်သူအမျိုးသားကိုဖမ်းဆီးထား

0
619

မလေးရှားနိုင်ငံ၊ဆာလာရန်းမြို့နယ်၌ နေထိုင်အလုပ်လုပ်ကိုင်နေသည့် မြန်မာလူမျိုး သမီးရည်းစား စုံတွဲသည် ၂၀၂၂ ခုနှစ်၊ဒီဇင်ဘာဒုတိယပတ်က စကားများရန်ဖြစ်ခဲ့ကြကြောင်း နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)မှ သိရသည်။

ထိုသို့ စကားများရန်ဖြစ်ရာမှ အမျိုးသားဖြစ်သူ၏ ခြေလွန်လက်လွန်ရိုက်နှက်မှုကြောင့် အမျိုးသမီးဖြစ်သည့် မမော်မော်မြင့်(၂၉)နှစ်မှာ အခင်းဖြစ်နေအိမ်တိုက်ခန်းအတွင်း၌ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးသူ၏ မိသားစုဝင်များက အကူအညီတောင်းခံမှုကြောင့် နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)မှ ရုပ်အလောင်းအား သဂြိုလ်နိုင်ရန် ဆာလာရန်းမြို့ရဲတပ်ဖွဲ့မှအမှုကိုင်ရဲအရာရှိနှင့်တွေ့ဆုံညှိ နှိုင်းခဲ့ကြသည်။

တွေ့ဆုံညှိနှိုင်းပြီးနောက် သေဆုံးသူမမော်မော်မြင့်၏ ရုပ်အလောင်းအား ဇန်နဝါရီ ၄ ရက်နေ့လည် ၁ နာရီတွင် ကွာလာလမ်ပူမြို့ရှိ ချဲရတ်သုဿန်သို့ ပို့ဆောင်သဂြိုလ်ပေးခဲ့ကြကြောင်း သိရသည်။

သေဆုံးသူမမော်မော်မြင့်သည် မကွေးတိုင်း၊ပေါက်မြို့နယ်၊ရှခွလေးကျေးရွာ၌ နေထိုင်သူဖြစ်ကာ မလေးရှားနိုင်ငံသို့ ရောက်ရှိအလုပ်လုပ်ကိုင်နေသည်မှာ လပိုင်းမျှသာရှိသေးကြောင်း သိရသည်။

ထို့ပြင် ပြစ်မှုကျူးလွန်သူအား ဆာလာရန်းမြို့ရဲတပ်ဖွဲ့ဝင်များက ရှာဖွေဖမ်းဆီး၍ လူသတ်မှုဖြင့်တရားစွဲဆိုထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here