လအတန်ကြာ တည်ငြိမ်နေသည့် ရွှေဈေးနှုန်း ၂၀၂၃ နှစ်အစတွင် ဆက်တိုက်မြင့်တက်လာ၊ (၆) ရက်အတွင်း ၅၀၀၀၀ ဝန်းကျင်တက်လာ

0
752

ပြီးခဲ့သည့် (၂) လကျော်အထိ (၂၇) သိန်းအောက်တွင်သာ တည်ရှိနေသည့် ပြည်တွင်း အခေါက်ရွှေဈေးနှုန်းသည် ယနေ့ ဇန်နဝါရီ (၆) ရက် နံနက်ပိုင်းတွင် တစ်ကျပ်သားလျင် ၂၇၅၀၀၀၀ ကျပ်ဝန်းကျင်ဖြင့် ဈေးဖွင့်အရောင်း အဝယ် ပြုလုပ်ခဲ့ပြီး ယမန်နေ့ ဈေးနှုန်းထက်အနည်းငယ် ဆက်လက်မြင့်တက်ခဲ့ကြောင်း ရန်ကုန်ရွှေဈေးကွက်အ တွင်းမှ သိရသည်။

” (၁) ရက်နေ့ မနက်ပိုင်းတည်းက စတက်လာတာပေါ့နော်။ တဖြေးဖြေးဆက်ပြီးတက်လာတာ၊ ဒီမနက်တော့ ၂၇၅၀၀၀၀ လောက်အထိ ရောက်လာတာပေါ့” ဟု ရန်ကုန်အထိုင် ရွှေလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ၂၆၉၀၀၀၀ ဝန်းကျင်ဖြင့် အရောင်းအဝယ် ဖြစ်နေရာမှ ဇန်နဝါရီလ (၁) ရက် နံနက်ပိုင်း ဈေးကွက်ဖွင့်ချိန်တွင် ၂၇ သိန်း ဝန်းကျင် ဈေးဖွင့်ရောင်းဝယ်ခဲ့ကြကြောင်း ဈေးကွက်အ တွင်းမှ သိရသည်။

ယမန်နေ့ ညနေပိုင်း ဈေးကွက်ပိတ်ချိန် အရောင်းအဝယ်ဖြစ်ခဲ့သည့် ခေါက်ရွှေ တစ်ကျပ်သား ဈေးနှုန်းမှာ ၂၇၄ ၀၀၀၀ ကျပ်ဝန်းကျင်ဖြစ်ပြီး ယနေ့ ဈေးနှုန်းများအရ ၁၀၀၀၀ ကျပ် ဝန်းကျင်ဆက်လက်မြင့်တက်လာခြင်း ဖြစ်သည်။

လအတန်ကြာ တည်ငြိမ်နေသည့် ပြည်တွင်းရွှေဈေးကွက်သည် ၂၀၂၃ ခုနှစ် နှစ်အစတွင် ဆက်တိုက်မြင့်တက်လာပြီး (၆) ရက်အတွင်း ၅၀၀၀၀ ဝန်းကျင်မြင့်တက်သွားခြင်းဖြစ်သည်။

ယင်းကဲ့သို့ ပြည်တွင်းရွှေဈေး မြင့်တက်လာမှုမှာ ကမ္ဘာ့ရွှေဈေး အလှုပ်အခတ်နှင့်လည်း သက်ဆိုင်နေပြီး ပြည် တွင်းရှိ ဈေးစကားလိုသူများ၏ လုပ်ဆောင်မှုလည်း ပါဝင်နိုင်ကြောင်း ရွှေလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက ပြောသည်။

” ကမ္ဘာ့ရွှေ ဈေးလှုပ်ခတ်မှုနဲ့လည်း ဆိုင်တာပေါ့။ ပြီးတော့ ပြည်တွင်းက ဈေးကစားချင်တဲ့သူတွေကလည်း ရွှေဈေးကွက်ဖက်ကို ပြန်ပြီး အာရုံစိုက်လာတဲ့ သဘောရှိတယ်။ အစ်မတို့လို ရွှေဆိုင် လုပ်တဲ့ သူတွေကတော့ ဈေးမတက်ချင်ဘူး။ ဈေးနှုန်းတည်ငြိမ်တာပဲ လိုချင်တာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အစ်မတို့က အလျှော့တွက်တို့ဘာတို့ပဲ စားတာလေ။ ဈေးတည်ငြိမ်လို့ အရောင်းအဝယ်ကောင်းရင် အစ်မတို့အတွက်က အဆင်ပြေတယ်” ဟု ၎င်းက ဆိုသည်။

ရန်ကုန် ရွှေအသင်း၏ ယနေ့ နံနက်ပိုင်း ရွှေရည်ညွှန်းဈေး နှုန်းမှာ တစ်ကျပ်သားလျင် ၂၁၆၃၀၀၀ ကျပ်ဖြစ်ပြီး ညနေပိုင်း အပိတ်ဈေးနှုန်းမှာ တစ်ကျပ်သားလျင် ၂၁၆၅ ၀၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။

ယနေ့ ဇန်နဝါရီလ (၆) ရက် ကမ္ဘာ့ရွှေဈေးနှုန်းမှာ (၁)အောင်စလျင် အမေရိကန်ဒေါ်လာ ၁၈၃၈ ဒေါ်လာဖြစ်ပြီး အနည်းငယ် ပြန်လည် ကျဆင်းလာကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here