စကားပြောနေသည့် သမီးရည်းစားစုံတွဲအား ဓားဖြင့်အချက်ပေါင်းများစွာထိုး၍ ဆိုင်ကယ်နှင့်ဖုန်းများလုယက်ယူဆောင်သွားမှု ပြည်မြို့တွင်ဖြစ်ပွား

0
206

ပဲခူးတိုင်း၊ ပြည်မြို့၊ ပြည်-ရန်ကုန်သွားကားလမ်းပေါ်ရှိ နဝဒေးတံတားအောက်တွင် ဇန်နဝါရီ ၈ ရက် ညပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ သိရသည်။

ယင်းနေ့ည ၆ နာရီခန့်က ဆိုင်ကယ်မောင်းလာသည့် အမည်မသိအမျိုးသား ၂ ဦးက ပြည်မြို့၊ ပြည်-ရန်ကုန်သွားကားလမ်းမပေါ်ရှိ နဝဒေးတံတားအောက်တွင် စကားထိုင်ပြောနေသည့် အသက်(၂၁)နှစ်အရွယ်ခန့်စီရှိ သမီးရည်းစားစုံတွဲအား ဓားဖြင့်ဝင်ထိုး၍ ဆိုင်ကယ်နှင့်ဖုန်းများအား လုယက်ယူဆောင်သွားခဲ့ကြသည်။

ဓားဖြင့်ထိုးခံရမှုကြောင့် အမျိုးသားဖြစ်သူ၏ ကျောကုန်း၊နောက်စေ့၊လက်မောင်း၊ပခုံး၊လည်ပင်း၊ပေါင်တို့တွင်ထိုးသွင်းဒဏ်ရာ ၁၁ ချက်ရရှိခဲ့ပြီး အမျိုးသမီးဖြစ်သူတွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှထိခိုက်ဒဏ်ရာရရှိသူ ၂ ဦးအား ဖြတ်သန်းသွားလာသူများကတွေ့ရှိခဲ့သဖြင့် ပုဂ္ဂလိဆေးရုံ ၁ ရုံသို့ကူညီပို့ဆောင်ပေးခဲ့ကြပြီး မှုခင်းဖြစ်စဥ်ဖြစ်၍ တာဝန်ရှိသူများမှဆက်သွယ်အကူအညီတောင်းခံမှုကြောင့် ပြည်မြို့ကုတင်(၅၀၀)ဆေးရုံကြီးသို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“ပုဂ္ဂလိကဆေးရုံရှေ့မှာ အမျိုးသားက သွေးထွက်လွန်နေတာကို မြေပြင်အရေးပေါ်ပြုစုတာတွေလုပ်ပေးပြီး ကုတင်(၅၀၀)ဆေးရုံကိုပို့ပေးခဲ့ပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဓားဖြင့် ၁၁ ချက်ထိုးခံရသည့် အမျိုးသားသည် အရေးပေါ်ခွဲစိတ်ကုသရန်လိုအပ်သဖြင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ ခွဲစိတ်ကုသဆောင်သို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here