မိမိရပ်တည်ချက်ကို အမှားအမှန် ခွဲခြားဆင်ခြင်ကာ ပြည်သူတရပ်လုံးအတွက် စဉ်းစားလုပ်ဆောင်ကြရန် နစက ဥက္ကဋ္ဌ တိုက်တွန်း

0
626

မိမိတို့၏ ရပ်တည်ဆောင်ရွက်နေမှုများအပေါ် ဓမ္မဓိဋ္ဌာန်ကျကျသုံးသပ်ပြီး အကောင်းအဆိုး၊ အမှားအမှန်ကို ခွဲခြားဆင်ခြင်ပြီး နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံးအတွက် စဉ်းစားလုပ်ဆောင်ကြရန်လိုအပ်ကြောင်း နစက ဥက္ကဋ္ဌက တိုက်တွန်းပြောကြားလိုက်သည်။

ဇန်နဝါရီ ၁၀ ရက်(ယနေ့)တွင်ကျရောက်သည့် (၇၅) နှစ် မြောက် စိန်ရတုကချင် ပြည်နယ်နေ့အခမ်းအနားသို့ပေးပို့သည့် နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သဝဏ်လွှာ၌ ရေးသားပြောဆိုခဲ့ခြင်းဖြစ် သည်။

နစက မှ နိုင်ငံတော်အစိုးရတာဝန်အရပ်ရပ်အား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထိန်းသိမ်းဆောင် ရွက်လျက်ရှိပြီး ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်(၉)ချမှတ်ကာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်ဖြစ်ထွန်းရေးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည်ဟုလည်း အဆိုပါ သဝဏ်လွှာ၌ ရေးသားထား သည်။

“နိုင်ငံတော်အစိုးရက ကချင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးဘက်စုံဖွံ့ဖြိုးတိုးတက်စေဖို့အတွက် လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးစတဲ့ စီမံချက်တွေချမှတ်ပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မယ့် ကဏ္ဍအားလုံးကိုကြိုးပမ်းဆောင်ရွက်ပေးနေပါတယ်”ဟု နစက ဥက္ကဋ္ဌက ဆိုသည်။

ထို့ပြင် ဒီမိုကရေစီစနစ်ဆိုသည်မှာ ပြည်သူက ၎င်းတို့အားကိုယ်စားပြုသူများကို ကိုယ်တိုင်ရွေးချယ်ပေးပြီး အုပ်ချုပ်စေသည့်စနစ်ဖြစ်ကာ ဖက်ဒရယ်စနစ်ဆိုသည်မှာလည်း မတူကွဲပြားနေသည့် တိုင်းနှင့်ပြည်နယ်များရှိ လူမျိုးများ၊လူမျိုးစုများကို စုစည်းလုပ်ကိုင်ရာမှ လုပ်ကိုင်နိုင်ခွင့်များကို ခွဲဝေကျင့်သုံးသည့် အယူအဆသဘောတရားဖြစ်ပြီး ပေါင်းစည်းနေထိုင်ခြင်း၊ မျှဝေခံစားခြင်းဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။

ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်တွင် တိုင်းရင်းသားပြည်သူများအတူတကွပေါင်းစည်းနေထိုင်၍ တိုင်းနှင့်ပြည်နယ်အလိုက် အခြေခံဥပဒေအရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များရရှိစေမည်ဟု သဝဏ်လွှာ၌ ရေးသားထားသည်။

ထိုမှသာ စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ဖြစ်ပေါ်လာမည်ဖြစ်ပြီး မိမိတို့ နစက အနေဖြင့်လည်း တိုင်းရင်းသားပြည်သူများ၏ ဆန္ဒနှင့်အညီဖြစ်စေရေး ဦးတည်ချက်နှင့်လုပ်ငန်းစဉ်များကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိသည်ဟု နစက ဥက္ကဋ္ဌက ပြော သည်။

“အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကို လှမ်းချီတည် ဆောက်နေရာမှာ နိုင်ငံအတွင်းမှာရှိတဲ့ တိုင်းရင်းသားပြည်သူအားလုံးရဲ့ စဉ်းစားတွေးခေါ်မြော်မြင်နိုင်မှု၊အသိဉာဏ်ပညာကြွယ်ဝမှုနဲ့စိတ်ရင်းစေတနာမှန်ကန်မှုတို့က လွန်စွာအရေးကြီးပါတယ်”ဟု နစက ဥက္ကဋ္ဌက သဝဏ်လွှာမှတဆင့် ပြောကြားထားသည်။

ထို့ပြင် နိုင်ငံနှင့်လူမျိုးနှင့်ပတ်သက်၍ ရှေ့လုပ်ငန်းစဉ်များဆက်လက်ဆောင်ရွက်ရာတွင် မည်သည့်အခက်အခဲ၊ အကျပ်အတည်း၊ စိန်ခေါ်မှုမျိုးကိုမဆို တိုင်းရင်းသားများ၏ စစ်မှန်သောပြည်ထောင်စုစိတ်ဓာတ်အား အခြေခံသည့် မျိုးချစ် စိတ်ဓာတ်နှင့်စည်းလုံးညီညွတ်မှုအင်အားဖြင့် အခိုင်အမာရင်ဆိုင်ကျော်လွှားနိုင်မည်ကို အပြည့်အဝယုံကြည်သည်ဟုလည်း ၎င်းကဆိုသည်။

ပုံစာ-နစက ဥက္ကဋ္ဌမှ ဒီဇင်ဘာ ၁၃ ရက်နေ့တွင်ကချင်ပြည်နယ်အတွင်းရှိ(MSME)လုပ်ငန်းရှင်များအား တွေ့ဆုံခဲ့စဉ်


LEAVE A REPLY

Please enter your comment!
Please enter your name here