ဆယ်စုနှစ် ၂ စု အတွင်း အိုဇုန်းလွှာ လုံးဝပြန်လည်ကောင်းမွန်လာမည် ဟုကုလသမဂ္ဂ ဆို

0
392

လေထုလွှာကို ဖျက်ဆီးနေသော လေထုထဲရှိ ဓာတုပစ္စည်းများ လျော့နည်းလာခြင်းကြောင့် လူသားများအား နေမှလာသော ခရမ်းလွန်ရောင်ခြည်များကို ကာကွယ်ပေးနေသည့် ကမ္ဘာ့အိုဇုန်းလွှာသည် ဆယ်စုနှစ် နှစ်စု အတွင်း လုံးဝပြန်လည် ကောင်းမွန်လာမည်ဖြစ်ကြောင်း ကုလသမဂ္ဂ၏ အစီရင်ခံစာအသစ်တွင် ဖော်ပြထားသည်။

အိုဇုန်းလွှာသည် ကမ္ဘာတစ်ဝန်းတွင် ၂၀၄၀ ပြည့်နှစ်လောက်မှစ၍ ၁၉၈၀ ပြည့်နှစ်တွင်ရှိခဲ့သော အခြေအနေအတိုင်း ပြန်လည်ကောင်းမွန်လာမည်ဟု အစီရင်ခံစာက ဖော်ပြထားသည်။

ကုလသမဂ္ဂ ပတ်ဝန်းကျင် အစီအစဉ်နှင့် ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်းတို့မှ သိပ္ပံပညာရှင်များသည် အိုဇုန်းလွှာ သိသိသာသာ ပြန်လည်ထူထပ်လာသည်ကို သတိပြုမိခဲ့ကြောင်းနှင့် ထိုတွေ့ရှိချက်သည် ကမ္ဘာမြေအတွက် သတင်းကောင်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

အိုဇုန်းလွှာ ထူထပ်လာခြင်းက လူသားများနှင့် အခြားသက်ရှိများကို ပိုမို အကာအကွယ် ပေးနိုင်သည်။

အိုဇုန်းလွှာ ဆုံးရှုံးမှုနှင့် ပတ်သက်၍ ၁၉၈၀ ပြည့်လွန်နှစ်များတွင် ပထမဆုံး သတိပေးချက် စတင်ပေါ်ပေါက်လာခဲ့ပြီးနောက် နိုင်ငံများသည် ၁၉၈၉ မွန်ထရီရယ် သဘောတူညီချက်အရ ကလိုရိုဖလိုရိုကာဗွန် (CFCs) ကဲ့သို့သော အိုဇုန်းလွှာကို ပျက်စီးစေသော ဓာတုပစ္စည်းများအား ဖယ်ရှားပစ်ရန် ကတိပြုခဲ့ကြသည်။

ကုလသမဂ္ဂက မွန်ထရီရယ် သဘောတူညီချက်သည် အိုဇုန်းလွှာ ပြုပြင်ရာတွင် အထောက်အကူဖြစ်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here