လက်နက်များ ပြန့်ပွားစေရန် ငွေကြေးထောက်ပံ့မှုအား ဘဏ္ဍာရေးအရ အရေးယူမှု အမိန့်ညွှန်ကြားချက်များ သတ်မှတ်ကာလအတွင်းအပြီးဆောင်ရွက်ရန်မှာကြား

0
173

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ ဗဟိုဘဏ် ဥက္ကဋ္ဌဒေါ်သန်းသန်းဆွေမှ ဇန်နဝါရီ ၁၀ ရက်နံနက်ပိုင်းက နေပြည်တော်၌ပြုလုပ်သည့် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

အာရှ-ပစိဖိတ်ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့သို့ နည်းပညာပိုင်းဆိုင်ရာလိုက်နာအကောင်အထည်ဖော်ဆောင်ရွက်မှု အကြံပြုချက်များကို စံနှုန်းသတ်မှတ်ချက်တိုးမြှင့်တောင်းခံရေးနှင့် ထပ်မံထုတ်ပြန်မည့် အမိန့်ညွှန်ကြားချက်များအား သတ်မှတ်ထားသည့် ကာလအတွင်း အပြီးဆောင်ရွက်ရန်မှာကြားခဲ့သည်။

ထို့ပြင် ငွေကြေးခဝါချမှု အန္တရာယ်များအား နားလည်သိရှိမှုတိုးတက်ကြောင်းပြသရန်၊ အသိပညာဖြန့်ဝေခြင်း၊ မှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်း၊ဟွန်ဒီလုပ်ငန်းများနှင့်ဆက်စပ်သည့်စည်းမျဉ်းများကို အကောင်အထည်ဖော်ရန်လည်းမှာကြားခဲ့သည်။

နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများနှင့်သတင်းအချက်အလက်ဖလှယ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ငွေကြေးဆိုင်ရာထောက်လှမ်းရေးသတင်းအချက်အလက်များပေးခြင်းတို့ကို တိုးမြှင့်ဆောင်ရွက်ရန်မှာကြားခဲ့သည်။

နိုင်ငံဖြတ်ကျော်ငွေကြေးခဝါချမှုများကို စုံစမ်းစစ်ဆေးရာတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအား တရားဝင်လမ်းကြောင်းနှင့် အလွတ်သဘောလမ်းကြောင်းနှစ်ရပ်လုံးဖြင့် ဆောင်ရွက်ရမည်ဟု ဗဟိုဘဏ် ဥက္ကဋ္ဌကမှာကြားသည်။

လူအများအပြား သေကျေစေသည့် လက်နက်များ ပြန့်ပွားစေရန် ငွေကြေးထောက်ပံ့မှုအပေါ် ဘဏ္ဍာရေးအရ ပစ်မှတ်ထားအရေးယူမှု ဆိုင်ရာတာဝန်ဝတ္တရားများနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ကာ ဖေဖော်ဝါရီ (၁) ရက်မတိုင်မီ စံနှုန်းသတ်မှတ်ချက်တောင်းခံရာ၌ တိုးမြှင့်ရရှိရေးကို ကြိုးပမ်းကြရန်လည်း မှာကြားခဲ့သည်။

ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့သည် ၂၀၂၂ ခုနှစ်၊နိုဝင်ဘာလမှစ၍ မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အားနည်းချက်များကြောင့် ထည့်သွင်းခြင်းခံရသည့် ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF)၏ ဆုံးရှုံးနိုင်ခြေမြင့်မားသောနိုင်ငံနှင့်ဒေသများစာရင်းမှ အမြန်ဆုံးလွတ်မြောက်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here