မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးပေါ်၌ အဝေးပြေးခရီးသည်တင်ကားတစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရ

0
426

ကရင်ပြည်နယ်ရှိ မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးပေါ်တွင် ဖြတ်သန်းမောင်းနှင်လာသည့် အဝေးပြေးခရီးသည်တင်(Express)ကားတစ်စီး ဇန်နဝါရီ ၁၁ ရက်(ယနေ့)နံနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း မြဝတီမြို့အခြေစိုက် လူမှုကူညီရေးအသင်းများမှ သိရသည်။

ယနေ့ညပိုင်းကလက်နက်ကိုင်အဖွဲ့ဝင်များသည် အာရှလမ်းမကြီးအတိုင်းမောင်းနှင်လာသည့် အဝေးပြေးခရီးသည်တင်(Express)ကားတစ်စီးအား ဆိတ်ဖူးတောင်ကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

“ဖြစ်စဥ်ဖြစ်သွားတာကတော့ဟုတ်တယ် ထိခိုက်ဒဏ်ရာရတဲ့လူစာရင်းကတော့ ကျွန်တော်တို့လည်းမသိဘူးဗျ နီးစပ်တဲ့လူမှုကူညီရေးအသင်းတွေကသွားပြီးကူညီပေးကြတယ်လို့သိထားပါတယ်”ဟု မြဝတီမြို့အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အဝေးပြေးခရီးသည်တင်ကား၏ ဘေးလေကာမှန်အချို့ပျက်စီး ဆုံးရှုံးခဲ့ပြီး ကား၏အချို့နေရာများတွင်လည်း မိုင်းစထိမှန်မှုများကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့သိရသလောက် သတင်းအရဆိုရင် မိုင်းဆွဲခံရတဲ့ကားက ရွှေလရောင် ခရီးသည်တင်ကားလိုင်းကပါ ကားကမောင်းလို့တော့ရတယ် ကြားရပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

လက်နက်ကိုင်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်း၌ပင် အဝေးပြေးခရီးသည်တင်(Express)ကားအား မိုင်းဆွဲတိုက်ခိုက်ခြင်းအပြင် အာရှလမ်းမကြီး၏ လမ်းပိုင်းတစ်နေရာ၏ လမ်းလယ်အား မိုင်းထောင်ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

“လမ်းပိတ်တာတော့မရှိပါဘူး ပျက်စီးသွားတဲ့လမ်းပိုင်းနေရာကို ဘေးကနေရှောင်ကွင်းပြီးသွားရတာပေါ့ လမ်းပျက်စီးတာက အတော်ကြီးတယ် အမြန်ပြင်ဆင်မယ်လို့တော့ သိထားတယ်”ဟု မြဝတီမြို့အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးပေါ်တွင် ဒီဇင်ဘာလ တတိယပတ်မှစတင်၍ အာရှလမ်းမကြီးပေါ်၌ တိုက်ပွဲဖြစ်ပွားမှုများနှင့်တောနော်ရေတံခွန်အနီးရှိ ချောင်းကူးတံတားမိုင်းထောင်ဖောက်ခွဲခံရသဖြင့် ပျက်စီးမှုအားပြန်လည်ပြင်ဆင်နေ၍ ဖြတ်သန်းသွားလာခွင့်ယာယီပိတ်ထားရာမှ ပြန်လည်ဖြတ်သန်းခွင့်ပြုသည်မှာ ရက်ပိုင်းမျှသာရှိသေးကြောင်း သိရသည်။

Photo _CJ


LEAVE A REPLY

Please enter your comment!
Please enter your name here