နိုင်ငံရေးပဋိပက္ခတွင် လစ်ဟာသွားသည့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအား ဖြည့်ဆည်းနိုင်ရန် တပ်မတော်ဆေးရုံဆေးပေးခန်းများတွင် ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်မှုများကို တိုးမြှင့်ဆောင်ရွက်ခဲ့

0
311

ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုများကိုအစဥ်အဆက်ဆောက်ရွက်ပေးနေမှုနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်း၊ချင်းပြည်နယ်နှင့်နာဂကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသများရှိ ဝေးလံခေါင်ဖျား၍ လမ်း ပန်းဆက်သွယ်ရေးခက်ခဲသည့် ဒေသများမှ ဒေသခံများ၏ ကျန်းမာရေးကဏ္ဍမြှင့်တင်ပေးရန် ဆရာဝန်လိုအပ်လျက်ရှိသော ဆေးရုံများတွင် တာဝန်ထမ်းဆောင်ခဲ့သည့် တပ်မတော်သားဆရာဝန်များအား ဇန်နဝါရီ ၁၃ ရက် နံနက်ပိုင်းကပြုလုပ်သည့် ဂုဏ်ပြုပွဲအခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဂုဏ်ပြုအမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုအချိန်သည် နိုင်ငံတကာနှင့်နိုင်ငံအတွင်း၌ပါ ကပ်ရောဂါဘေးဒဏ်များနှင့်ကျန်းမာရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ လျော့နည်းကျဆင်းမှုများကို ကြုံတွေ့နေရသည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ လူဦးရေ ၁၀၀၀ ၌ ဆရာဝန် ၀. ၃၇ ဦး၊ကျန်းမာရေးလုပ်သား ၁. ၄၇ ဦးရှိသည်ကို တွေ့ရှိရသဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၏ သတ်မှတ်ချက်ထက်လျော့နည်းနေသည်ဟု ဆိုသည်။

“မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးပဋိပက္ခမှာ ကျန်းမာရေးဝန်ထမ်းတချို့က လုပ်ငန်းခွင်

စွန့်ခွာတာတွေ ပြုလုပ်ခဲ့တဲ့အတွက် နိုင်ငံအတွင်းမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းအင်အားများစွာလျော့ နည်းခဲ့ရပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။

ထိုသို့ လျော့နည်းခဲ့သဖြင့် လစ်ဟာသွားသည့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအား ဖြည့် ဆည်းနိုင်ရန် တပ်မတော်ဆေးရုံ၊ဆေးပေးခန်းများတွင် ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်မှုများကို တိုးမြှင့်ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

“အခုအချိန်ထိ ပြင်ပလူနာ ၄၄၉၈၉၂ ယောက်၊ ဆေးရုံတက်လူနာ ၁၃၇၀၈၀ ယောက်ကိုပြုစုစောင့်ရှောက်မှုပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။

တပ်မတော်သည် ခေတ်အဆက်ဆက်တွင် နိုင်ငံ့အရေး၊တိုင်းရင်းသား ပြည်သူများအရေးတို့နှင့် ပတ်သက်ပါက အစဉ်အမြဲဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်းဖြစ်ကာ ထိုသို့ ဆောင်ရွက်ရာတွင် တပ်မတော်၏ မူလတာဝန်များဖြစ်သည့် တည်ငြိမ်အေးချမ်းရေးနှင့်လုံခြုံရေးကိုဆောင်ရွက်သည့်နည်းတူ ပြည်သူလူထုကျန်းမာရေးနှင့်ပညာရေးများကိုလည်း တစ်ဖက်တစ်လမ်းမှဆောင်ရွက်ပေးလျက်ရှိသည်ဟု ဆိုသည်။

“နောင်လာမယ့် အနာဂတ်မှာလည်း ဆရာဝန်တစ်ဦးအနေနဲ့ ပညာရပ်ပိုင်းဆိုင်ရာတိုးတက်ရေးကို ဆောင်ရွက်ရမယ့်နည်းတူ တိုင်းပြည်အကျိုး၊ပြည်သူအကျိုးကိုလည်း ဦးထိပ်ထားဆက်လက်ဆောင်ရွက်သွားကြပါ”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here