လက်နက်တိုးချဲ့ ရောင်းချရန်အတွက် ယူအေအီးနိုင်ငံသို့ တောင်ကိုရီးယား သမ္မတ အလည်အပတ်ရောက်ရှိ

0
150

တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုသည် တရားဝင်ခရီးစဉ်များထဲမှ တစ်ခုအနေဖြင့် ယူအေအီးနိုင်ငံ အဘူလ်ဒါဘီမြို့သို့ ဇန်နဝါရီလ ၁၅ ရက် တနင်္ဂနွေနေ့တွင် ရောက်ရှိလာခဲ့ပြီး ထိုခရီးစဉ်အတွင်း သူ့တိုင်းပြည်၏ စစ်လက်နက်ပစ္စည်းများကိုပါ တိုးချဲ့ရောင်းချသွားရန် မျှော်လင့်ထားကြောင်း သိရသည်။

ယူအေအီးသမ္မတ ရှိတ်ခ် မိုဟာမတ် ဘင် ဇာယက် အယ်နက်ယန်သည် ယွန်းဆော့ယိုအား ကတ်ဆယ်လ် အယ်လ် ဝါတန် နန်းတော်မှ နှုတ်ဆက် ကြိုဆိုခဲ့သည်။

တောင်ကိုရီးယားနှင့် ယူအေအီးကြားရှိ အဓိကဆက်ဆံရေးမှာ ကုန်သွယ်ရေးဖြစ်ပြီး နှစ်နိုင်ငံကြားရှိ ကုန်သွယ်ရေး သဘောတူညီချက်များမှာ ဒေါ်လာဘီလျံပေါင်းများစွာ တန်ကြေးရှိနေကြောင်း သိရသည်။ ထို့ပြင် ပြီးခဲ့သည့် သမ္မတဟောင်းလက်ထက်တွင် စစ်တပ်သဘောတူညီချက်အနေဖြင့် တောင်ကိုရီးယားနိုင်ငံ၏ အထူးတပ်ဖွဲ့များသည် ယူအေအီးနိုင်ငံအတွင်း တပ်စွဲထားခဲ့သည်။

ယူအေအီးသည် တောင်ကိုရီးယားနိုင်ငံအတွင်း ဒေါ်လာ ၃၀ ဘီလျံ ရင်းနှီးမြုပ်နှံရန် ကြိုးပမ်းနေသည်ဟု ရှိတ်ခ် မိုဟာမတ်က တွေ့ဆုံမှုအတွင်း ပြောကြားခဲ့ကြောင်း တောင်ကိုရီးယားသတင်းဌာန ယွန်းဟပ်က ဖော်ပြထားသည်။ ရင်းနှီးမြုပ်နှံမည့် အသေးစိတ်ချက်အလက်များကိုမူ ဖော်ပြခဲ့ခြင်း မရှိပေ။

ယွန်း၏ ခရီးစဉ် မစတင်မီတွင် တောင်ကိုရီးယားအရာရှိများက အဆိုပါ ခရီးစဉ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး ခိုင်မာစေရန် ကြိုးပမ်းခြင်းသာ ဖြစ်သည်ဟု ဖော်ပြခဲ့သော်လည်း အမည်မဖော်လိုသူ သမ္မတရုံးမှ အရာရှိတစ်ဦးက ထိုခရီးစဉ်အတွင်း လက်နက်အရောင်းအဝယ် ပြုလုပ်ရန် စီစဉ်ထားကြောင်း စနေနေ့က ပြောကြားခဲ့သည်ဟု ယွန်ဟပ်သတင်းဌာနက ဖော်ပြထားသည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here