လှိုင်းဘိုဘိုကို ၂ နှစ်စာချုပ်ဖြင့် ရန်ကုန်ယူနိုက်တက် စာချုပ် ချုပ်ဆို

0
155

၂၀၂၃ ဘောလုံးရာသီအတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေသည့် ရန်ကုန်ယူနိုက်တက်အသင်းသည် ရတနာပုံအသင်း ကွင်းလယ်ကစားသမား လှိုင်းဘိုဘို ကို ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။

လှိုင်းဘိုဘိုသည် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ပလိပ်လူငယ်သင်တန်းကျောင်းတွင် ဘောလုံးပညာကို သင်ယူခဲ့သူဖြစ်ပြီး၂၀၀၉ ခုနှစ်မှစ၍ ရတနာပုံအသင်း၏ လူငယ်အသင်းတွင် ပါဝင်ကစားခွင့်ရရှိခဲ့ကာ မြန်မာယူ-၁၆ အသင်းအတွက် ရွေးချယ်ခြင်းခံခဲ့ရသူဖြစ််သည်။

“ရန်ကုန်ယူနိုက်တက်အသင်းကို ရောက်ရှိလာတဲ့အတွက် ပျော်ပါတယ်၊ အသင်းသစ်မှာ အထိုင်ကျအောင် အရင်ကြိုးစားနေပါတယ်၊ ရန်ကုန်ယူနိုက်တက်အသင်းနှင့်အတူ ချန်ပီယံဆုရရှိဖို့ မျှော်လင့်ထားပါတယ်၊ AFC Cup ကန်ချင်လို့လည်း ကျွန်တော်ပြောင်းရွေ့လာခဲ့တာပါ၊ AFC Cup မှာလည်း အကောင်းဆုံး ကြိုးစားသွားပါမယ်” ဟု လှိုင်းဘိုဘိုက ပြောသည်။

လှိုင်းဘိုဘိုသည် ၂၀၁၁ ဘောလုံးရာသီမှစ၍ ရတနာပုံအသင်းကြီးတွင် ပါဝင်ကစားခဲ့ပြီး ၂၀၁၄ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တွင် ရတနာပုံအသင်းကို ချန်ပီယံဆု ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် ဝါရင့်ကွင်းလယ်ကစားသမားတစ်ဦး ဖြစ်လည်််းဖြစ်သည်။

ထို့အပြင် ၂၀၁၉-၂၀၂၀ ထိုင်းလိဂ်-၁ ကလပ် ဆူခိုထိုင်းအသင်းကို ရာသီဝက် ပြောင်းရွေ့ကစားခဲ့ပြီးနောက် ပြီးခဲ့သည့် ဘောလုံးရာသီတွင် ရတနာပုံအသင်းတွင် ပြန်လည်ပါဝင်ကစားခဲ့သည်။

လှိုင်းဘိုဘိုသည် ၂၀၁၅ စင်ကာပူဆီးဂိမ်းတွင် မြန်မာယူ ၂၃ အသင်းနှင့်အတူ ငွေတံဆိပ်ဆုကို ရရှိခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်မှ စတင်ကာ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းတွင် ဆက်တိုက် ရွေးချယ်ခံခဲ့ရသည်။

ရန်ကုန်ယူနိုက်တက်သည် ၂၀၂၃ ဘောလုံးရာသီအတွက် ကြိုတင်ပြင်ဆင်မှုများစွာ ပြုလုပ်နေပြီး ကစားသမားအသစ်များ ‌၀ယ်ယူခြင်းနှင့် သက်တမ်းတိုးခြင်းများ ပြုလုပ်ထားသည်ကို တွေ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here