ရုရှားနှင့် ဘီလာရုစ်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ စတင်၊ ယူကရိန်းအား စိုးရိမ်မှုများ တိုးပွားစေလာ

0
155

ရုရှားနှင့် ဘီလာရုစ် တို့သည် ဇန်နဝါရီလ ၁၆ ရက် တနင်္လာနေ့မှစ၍ ပူးတွဲစစ်ရေး လေ့ကျင်မှုများကို စတင်လုပ်ဆောင်ခဲ့ကာ ကိယက်ဗ်နှင့် အနောက်အုပ်စုအား မော်စကိုက ၎င်း၏ အိမ်နီးချင်းနိုင်ငံကို အသုံးပြု၍ ယူကရိန်းသို့ မြေပြင်ထိုးစစ်ဆင်မှု အသစ်များ ပြုလုပ်လာမည်ကို စိုးရိမ်စေခဲ့သည်။

ရုရှားသည် ၎င်း၏အိမ်နီးချင်း ဘီလာရုစ်အား ပြီးခဲ့သည့် ဖေဖော်ဝါရီလက ယူကရိန်းကို ထိုးစစ်ဆင်ရန်အတွက် လမ်းကြောင်းတစ်ခုအဖြစ် အသုံးပြုခဲ့ဖူးသည်။

အဆိုပါ နှစ်နိုင်ငံသည် ဇန်နဝါရီလ ၁၆ ရက်မှ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ ဘီလာရုစ် စစ်လေယာဉ်က္ငင်းအားလုံးကို အသုံးပြုကာ လေတပ် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး တင်ကားများ တပ်ဆင်ထားသော တပ်မဟာခွဲတစ်ခု ပါဝင်သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုကိုမူ တနင်္လာနေ့တွင် စတင်ခဲ့ကြောင်း ဘီလာရုစ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် မိမိကိုယ်ကိုယ်ကို ခုခံကာကွယ်သည့်အနေဖြင့် လုပ်ဆောင်ခြင်းမျိုးသာဖြစ်ပြီး စစ်ထဲပါဝင်ရန် အစီအစဉ်မရှိကြောင်းနှင့် ယူကရိန်းသည်သာ ဘီလာရုစ်ကို ထိပါးပြောဆိုမှုများ ပြုလုပ်၍ နှစ်နိုင်ငံနယ်စပ်တွင် မငြိမ်မသက်ဖြစ်စေသည်ဟူ၍ ဘီလာရုစ်က ပြောဆိုခဲ့သည်။

ထို့ပြင် ဘီလာရုစ်က ၎င်းသည် ယူကရိန်းဘက်မှ ရန်စမှုများအားလုံးကို တုံ့ပြန်ရန် အဆင်သင့် ဖြစ်နေကြောင်း ပြောခဲ့သည်။

ဘီလာရုစ်က အရေးအခင်းထဲ ပါဝင်မည်မဟုတ်ကြောင်း ငြင်းဆိုနေသော်လည်း ယူကရိန်းက ဘီလာရုစ်ဘက်မှ တိုက်ခိုက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ထပ်ခါတလဲလဲ သတိပေးနေသည်။

ရုရှားကလည်း ယူကရိန်းစွပ်စွဲချက်များသည် ဘီလာရုစ်အား အရေးအခင်းထဲ ပါဝင်လာရန်အတွက် တွန်းအားပေးနေသည်ဟု ပြောကြားခဲ့သည်။

Source:euronews


LEAVE A REPLY

Please enter your comment!
Please enter your name here