တရားမဝင်ကုန်သွယ်မှုများတွင် ပါဝင်ပတ်သက်နေသည့်ဝန်ထမ်းများကို စိစစ်တွေ့ရှိပါက စံနမူနာပြအနေဖြင့် ထိရောက်စွာအရေးယူသွားမည်ဟု နစက ဒု-ဥက္ကဋ္ဌပြော

0
219

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃)အား ဇန်နဝါရီ ၁၈ ရက်မွန်းလွဲပိုင်းကကျင်းပရာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ နစက ဒု-ဥက္ကဋ္ဌ၊ ဒု- ဗိုလ်ချုပ်မှူးကြီးစိုးဝင်းတက်ရောက်၍ အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မိမိတို့ အထူးသတိပြုရမည်မှာ တရားမဝင်ကုန်သွယ်မှုများတွင် တာဝန်ကျဝန်ထမ်းများပါဝင်ပတ်သက်မှုမရှိစေရေးဖြစ်ကာ ဝန်ထမ်းများ တရားမဝင်ကုန်သွယ်မှုများတွင် ငွေကြေးတောင်းခံခြင်း၊တံစိုးလက်ဆောင်ရယူခြင်းများမရှိစေရန် သတိပေးညွှန်ကြားမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည်ဟု ပြောသည်။

“အဲဒီလို အကြိမ်ကြိမ်သတိပေးထိန်းကျောင်းနေတဲ့ကြားက တရားမဝင်ကုန်သွယ်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ ဝန်ထမ်းတွေကို စိစစ်တွေ့ရှိလာရင် စံနမူနာပြအနေနဲ့ ထိထိရောက်ရောက် အရေးယူသွားမှာပါ”ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် တရားမဝင်ကုန်သွယ်မှု၏ ဆိုးကျိုးများအား အများပြည်သူသိရှိစေရန် အသိပညာပေးခြင်းလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် လုပ်ဆောင်သွားရမည်ဟု မှာကြားခဲ့သည်။

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ဦးဆောင်မှုဖြင့် နေပြည်တော်၊တိုင်းနှင့်ပြည်နယ်များ၌ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအတွက် တားဆီးဖမ်းဆီးစစ်ဆေးမှုများပြုလုပ်လျက်ရှိသည်ဟု ပြောသည်။

ထိုသို့ တားဆီးဖမ်းဆီးစစ်ဆေးရာ၌ ပါဝင်ဆောင်ရွက်သည့် ဝန်ထမ်းများအနေဖြင့် အဂတိတရားကင်းရှင်းစွာ နိုင်ငံအတွက် ရသင့်ရထိုက်သည့် အခွန်အခများကောက်ခံရရှိရေးကို စေတနာအပြည့်အဝထား၍ဆောင်ရွက်ရန်လည်း မှာကြားသည်။

ထို့အတူ တရားမဝင်ကုန်သွယ်မှုများကို အခကြေးငွေရယူ၍ လက်ခံဆောင်ရွက်ပေးနေသည့် တရားမဝင်ဂိတ်များကို လျှော့ချဖျက်သိမ်းရန် ဆောင်ရွက်သွားမည်ဖြစ်ကာ လိုအပ်ပါက တရားဝင် ဝင်/ထွက်ပေါက်များအား ပိုမိုတိုးချဲ့ဖွင့်လှစ်သွားမည်ဟုလည်း ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here