အာဖဂန်၌အအေးလွန်ကဲမှုကြောင့် သေဆုံးသူ ၇၀အထိရှိလာပြီး ၁၄၀ မှာ ကာဗွန်မိုနောက်ဆိုဒ်အဆိပ်သင့်ခြင်းကြောင့် ဆေးရုံတင်ထားရဟုဆို

0
112

အာဖဂန်နစ္စတန်၌ ပြင်းထန်သောအအေးဒဏ်ကြောင့် လူ ၇၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်းသိရသည်။ပြီးခဲ့သည့်အပတ်မှစကာ ကဘူးလ်နှင့်အခြားဒေသအများအပြား၌ အပူချိန်ကျဆင်းခဲ့ပြီး နိုင်ငံအလယ်ပိုင်းတွင် အနိမ့်ဆုံးအပူချိန်မှာ အနုတ် ၃၃ ဒီဂရီစင်တီဂရိတ်အထိကျဆင်းသွားခဲ့သည်။

အာဖဂန်မိုးလေဝသဌာနကလည်း ယခုနှစ်ဆောင်းသည်အအေးဆုံးဖြစ်ကြောင်းပြောကြားခဲ့ပြီး နောက်တစ်ပတ်ကျော်အထိဆက်အေးနေဦးမည်ဖြစ်ကြောင်းဆိုသည်။

တစ်ချိန်တည်း၌ပင်နိုင်ငံ၏သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနကမူ လူပေါင်းအယောက် ၇၀ နှင့် ကျွဲ၊နွားကောင်ရေ ၇၀,၀၀၀ အထိ အပူချိန်ကျဆင်းမှုကြောင့် သေဆုံးခဲ့ရကြောင်းကြေငြာခဲ့သည်။

ယင်းအပြင်ဇန်နဝါရီလ ၁၇ ရက်နေ့ကလည်း ကာဗွန်မိုနောက်ဆိုဒ်အဆိပ်သင့်မှုကြောင့် ကလေးများ၊အမျိုးသမီးများအပါအဝင် လူပေါင်း ၁၄၀ လည်းဆေးရုံတင်ထားရကြောင်းသိရသည်။ ရာသီဥတုပြောင်းလဲမှုကြောင့် အအေးဒဏ်ခံနိုင်ရန် ဂက်စ်များအသုံးပြုကြသဖြင့် အဆိပ်သင့်မှုဖြစ်ရခြင်းဖြစ်သည်ဟုဆိုသည်။၂၄ နာရီအတွင်းပင် ဆေးရုံသို့ရောက်ရှိလာသည့်လူနာမှာ ၁၃၀ မှ ၁၄၀အထိရှိလာခဲ့သည်ဟုလည်းသိရသည်။

၂၀၂၁ ခုနှစ်၌ အမေရိကန်တို့အာဖဂန်မှထွက်ခွာသွားပြီး တာလီဘန်များအာဏာရလာစဉ်ကတည်းက အာဖဂန်သည်ဆင်းရဲမွဲတေမှု၊အာဟာရချို့တဲ့မှုနှင့် စီးပွားရေးအကျပ်အတည်းများကိုရင်ဆိုင်ခဲ့ရကာ နိုင်ငံ၏ ၃၈ ရာခိုင်နှုန်းသောသူများသည် ငတ်မွတ်ခေါင်းပါးမှုဒဏ်အား အပြင်းအထန်ခံစားခဲ့ကြရသည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here