အသုတ်မြို့ရှိ မြတ်မေတ္တာမွန်ဆီဆိုင်တွင် မီးလောင်မှုဖြစ်ပွားကာ သေဆုံးသူနှင့်ဒဏ်ရာရသူများရှိ

0
366

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်၊အသုတ်မြို့ရှိ မြတ်မေတ္တာမွန်စက်သုံးဆီအရောင်းဆိုင်တွင် ဇန်နဝါရီ ၁၉ ရက်ညပိုင်းက တစ်နာရီခွဲခန့်ကြာ မီးလောင်မှုဖြစ်ပွားကာ လူသေဆုံးမှုနှင့်ထိခိုက်ဒဏ်ရာများရှိခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်စေတနာလူမှုကူညီရေးလူငယ်ပရဟိတအဖွဲ့တို့မှ သိရသည်။

ယင်းနေ့ည ၉ နာရီ ၄၀ မိနစ်ခန့်က ရေကြည်မြို့ နယ်၊အသုတ်မြို့၊အမှတ်(၅)ရပ်ကွက်၊ပုသိမ်-မုံရွာသွားကားလမ်းဘေးရှိ မြတ်မေတ္တာမွန် စက်သုံးဆီအရောင်းဆိုင်တွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ ပုသိမ်ခရိုင်မီးသတ်စခန်း၊အသုတ်နယ်မြေမီးသတ်စခန်း၊ရေကြည်မြို့နယ်မီးသတ်စခန်း၊သုံးခွနယ်မြေမီးသတ်စခန်း၊ကျုံပျော်မြို့နယ်မီးသတ်စခန်း၊ငါးသိုင်းချောင်းမြို့နယ်မီးသတ်စခန်း၊ကျောင်းကုန်းမြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

“ကျွန်တော်တို့မရောက်ခင်မှာ ဆီဆိုင်မီးလောင်တာဖြစ်တဲ့အတွက် ပေါက်ကွဲမှုအနည်းအကျဥ်းရှိခဲ့တယ်လို့ သိရတယ်”ဟု စေတနာလူမှုကူညီရေးလူငယ်ပရဟိတအသင်း ဥက္ကဋ္ဌကပြောသည်။

မီးလောင်မှုဖြစ်စဥ်အား ဝိုင်းဝန်းငြှိမ်းသတ်ခဲ့မှုကြောင့် ည ၁၀ နာရီ ၃၇ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ည ၁၁ နာရီ ၂ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

“မီးငြှိမ်းနေတုန်း မီးလောင်ဒဏ်ရာတွေနဲ့သေဆုံးနေတဲ့တစ်ယောက်ကို သယ်ထုတ်လာတယ် နောက်ထပ် ၄ ယောက်ကလည်း မီးလောင်ဒဏ်ရာတွေရထားလို့ ဆေးရုံကိုပို့ပေးတာတွေ့တယ် ဆေးရုံမှာ တစ်ယောက်ထပ်သေဆုံးတယ်ကြားပေမယ့် အတိအကျတော့ မသိရဘူး”ဟု စေတနာလူမှုကူညီရေးလူငယ်ပရဟိတအသင်း ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် မီးလောင်မှုဖြစ်စဥ်၌ ပျောက်ဆုံးနေသူ ၂ ဦးရှိနေကြောင်း သတင်းအရ တာဝန်ရှိသူများက ရှာဖွေမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

“စာရင်းနဲ့တိုက်ကြည့်တော့ ၂ ယောက်ပျောက်နေတယ်ဆိုတာကိုသိတာ ကျွန်တော်တို့မီးလောင်ပြင်ကနေပြန်လာတဲ့အချိန်ထိ ပြန်မတွေ့သေးပါဘူး မီးလောင်တော့ လွတ်ရာပဲထွက်ပြေးသလား အထဲမှာပဲရှိနေလားဆိုတာ သေချာမသိရသေးဘူး”ဟု စေတနာလူမှုကူညီရေးလူငယ်ပရဟိတအသင်း ဥက္ကဋ္ဌကပြောသည်။

မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here