နှစ်ပေါင်းငါးသောင်းအတွင်း ပထမဆုံးအကြိမ်အဖြစ် ရှားပါးအစိမ်းရောင်ကြယ်တံခွန်တစ်ခု ကမ္ဘာမြေနားချဉ်းကပ်လာမည်ဟုဆို

0
284

လွန်ခဲ့သည့်နှစ်ပေါင်းသောင်းချီက ကမ္ဘာမြေအနားသို့တစ်ကြိမ်ဖြတ်သန်းခဲ့ဖူးသော ရှားပါးအစိမ်းရောင်ကြယ်တံခွန်အား မကြာသေးမီကရှာဖွေတွေ့ရှိခဲ့ပြီး လာမည့်သီတင်းပတ်များအတွင်း ကမ္ဘာမြေကိုထပ်မံဖြတ်သန်းသွားမည်ဖြစ်ကြောင်းသိရှိရသည်။

ကယ်လီဖိုးနီးယားတောင်ပိုင်းရှိ နက္ခတ္တဗေဒပညာရှင်များက မနှစ်ကရှာဖွေတွေ့ရှိခဲ့သော C/2022 E3 အမည်ရှိ အဆိုပါကြယ်တံခွန်သည် ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၁ မိနစ်တွင် ကမ္ဘာမြေနှင့်အနီးဆုံးနေရာသို့ရောက်ရှိမည်ဖြစ်ကြောင်း ယော့ခ်တက္ကသိုလ်မှ သုတေသီများကပြောကြားခဲ့သည်။

၎င်း၏စိမ်းပြာရောင်ကြောင့်ထင်ရှားသည့် အဆိုပါရှားပါးကြယ်တံခွန်သည် ကမ္ဘာမြေမှကီလိုမီတာပေါင်း ၄၂ သန်းခန့်အကွာအဝေးတွင်ရှိနေမည်ဖြစ်ကာ ၎င်းအားမြင်နိုင်ရန် မှန်ဘီလူး (သို့မဟုတ်) သေးငယ်သောတယ်လီစကုပ်လိုအပ်သည်ဟု ယော့ခ်တက္ကသိုလ်သုတေသီများကဆိုသည်။

သို့သော်လကုန်ပိုင်းလောက်တွင်မူ အဆိုပါကြယ်တံခွန်အား သာမန်မျက်စိဖြင့်မြင်နိုင်မည်ဟုလည်း ပြောကြားခဲ့သည်။၎င်းသည်ကမ္ဘာမြေနားတစ်ဝိုက်၌ တစ်လနီးပါးအထိရှိနေမည်ဖြစ်ကာ ယခုလကုန်ပိုင်းတွင် သာမန်မျက်စိဖြင့်မြင်ရမည်ဟုလည်းဆိုသည်။

အဆိုပါကြယ်တံခွန် ကမ္ဘာမြေအားနောက်ဆုံးအကြိမ်ဖြတ်သန်းချိန်သည် လွန်ခဲ့သောနှစ်ပေါင်းငါးသောင်းခန့်ကဖြစ်ပြီး ယင်းနောက် လုံးဝပြန်မပေါ်လာတော့ရာမှ ယခုတစ်ကြိမ်မှသာ ထပ်မံဖြတ်သန်းခြင်းဖြစ်သည်ဟုလည်းဆိုသည်။

Source :CTV News


LEAVE A REPLY

Please enter your comment!
Please enter your name here