မြိုင်မြို့နယ်ရှိ ကျောက်ဖူးမီးရထားဘူတာ မီးရှို့ဖျက်ဆီးခံရမှုကြောင့် ဘူတာရုံအဆောက်အဦးနှင့် ၀န်ထမ်းလိုင်းခန်း မီးလောင်ပျက်စီး

0
141

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၌ အမည်မသိအကြမ်းဖက်သမားများက ကျောက်ဖူးကျေးရွာအနီးရှိ ကျောက်ဖူးမီးရထားဘူတာအား မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် ဘူတာရုံအဆောက်အဦး နှင့် ၀န်ထမ်းလိုင်းခန်း မီးလောင်ပျက်စီးသွားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ကျောက်ဖူးကျေးရွာအနီးရှိ ကျောက်ဖူးမီးရထားဘူတာသို့ ဇန်နဝါရီလ ၁၈ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် အမည်မသိ အကြမ်းဖက် အဖွဲ့ အင်အား ၁၀ ဦးခန့်ရောက်ရှိလာပြီး မီးရှို့ဖျက်ဆီးသွားခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုကြောင့် အလျား ၅၀ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၂၀ ပေ ရှိ သွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်း ဘူတာရုံအဆောက်အဦ ၁ လုံး၊ အလျား ၄၀ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၂၀ ပေရှိ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း ၂ ယူနစ် ဝန်ထမ်းနေအိမ် လိုင်းခန်းအဆောက်အဦ ၁ လုံးနှင့် ရေတင်စက် ၁ လုံးတို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထိုသို့ မီးရထားဘူတာရုံအား မီးရှို့ဖျက်ဆီးသွားခဲ့သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟုလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here