မြောက်ဥက္ကာလာပနှင့် ဒဂုံမြောက်ပိုင်းမြို့နယ်တို့မှ ငွေကျပ်သိန်း ၃၅၀၀ တန်ဖိုးရှိစိတ်ကြွဆေးပြားများဖမ်းမိ ရောင်းချသူကိုပါဖမ်းဆီးရမိခဲ့

0
276

ရန်ကုန်တိုင်း၊မြောက်ဥက္ကလာပနှင့်ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တို့မှ ငွေကျပ်သိန်း ၃၅၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများအား ဇန်နဝါရီ ၁၉ ရက်ကဖမ်းမိခဲ့ပြီး ရောင်းချသူကိုပါဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့နံနက် ၆ နာရီက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြောက်ဥက္ကလာပမြို့နယ်၊(၅)ရပ်ကွက် ၊အမရာလမ်းတွင် သန့်ဇင်ဖြိုး(ခ)၀တုတ်(၄၀)နှစ် မောင်းကာ သန်းရွှေ(ခ)စိုးနိုင်(၄၅)နှစ်လိုက်လာသည့် ALPHARD ကားပေါ်တွင် တင်ဆောင်လာသည့် စက္ကူဂျပ်ဖာအတွင်းမှ စိတ်ကြွဆေးပြား ၁၅၀၀၀၀ ပြားအား ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်အရ နံနက် ၈ နာရီတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊(၄၆)ရပ်ကွက်ရှိ ၎င်းတို့နေထိုင်သည့် နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား ၂၀၀၀၀၀ ပြား(စုစုပေါင်းစိတ်ကြွဆေးပြား ၃၅၀၀၀၀ ပြား)အား သိမ်းဆည်းရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ထို့ပြင် မွန်းလွဲ ၂ နာရီခွဲ၌ ယင်း စိတ်ကြွဆေးပြားများအားရောင်းချခဲ့သူ ကျော်ဝင်းထွန်း(၃၀)နှစ်အား သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်ရပ်ကွက်၊ လေးထောင့်ကန်လမ်းတွင် ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် ငွေကျပ်သိန်း ၃၅၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာရဲစခန်းများ၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ကာစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here